MNP - ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ဆားတွင်းကျေးရွာတွင် ကွန်ပျူတာ ပညာဒါန သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဆားတွင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် “နမောတဿ” (၃)ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ထီးချိုင့်မြို့နယ် ပေါက်ကုန်းဆရာတော်ထံမှ ငါးပါးသီလခံယူခြင်းနှင့် ဩဝါဒတရားနာကြားခြင်း၊ သင်တန်း ဦးစီးတာဝန်ခံ ဆရာတော်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် ဟောကြား ပေးပြီးနောက် ဆားတွင်းကျေးရွာမှ ဦးကျော်တင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းကာလ ပြီးဆုံးအောင် တက်ရောက်ကြသော သင်တန်းသား/သူများကို သင်တန်းဆင်း လက်မှတ်ပေးအပ်ပြီး သင်တန်းဆင်းပွဲသို့ ကြွရောက်ချီးမြှောက်တော်မူကြသော ဆရာတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး “ဗုဒ္ဓသာသနံ စိရံတိဌတု” ဟု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ ကွန်ပျူတာသင်တန်းကို ဆားတွင်းဆရာတော်နှင့် မန္တလေးမြို့(ဓမ္မဓရ) ဆရာတော်တို့မှ ဦးစီး ဖွင့်လှစ်ခဲ့ပြီး ကျောက်စေတီကျောင်းတိုက်မှ အရှင်မေဓာနန္ဒမှ ကွန်ပျူတာသင်တန်းအား သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။
သတင်း - ရဲလင်းထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment