မိုးညိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲ ပြုလုပ်



MNP - ဧပြီ   ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို ငါးကယ်အုပ်စု၊ တောင်ယာတောကျေးရွာရှိ၊ နန္ဒဝန်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးသီဟက စပါး၊ ပဲ အစရှိသည်များ ဖြစ်ထွန်းအောင်မြင်စေရန်နှင့် သို့မှသာ မိမိနိုင်ငံအတွက် စားနပ်ရိက္ခာဖူလုံပြီး နိုင်ငံခြားထိတင်ပို့ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုဝင်းက လယ်ယာမြေ အသုံးချမှုနှင့် ပုံစံ(၇) များ စနစ်တကျသိမ်းဆည်းရန်အား လည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးအောင်က ရေကာတာများ ထိန်းသိမ်းနိုင်ရန်အတွက် ရေကာတာများ အပေါ်နေထိုင်ခြင်းနှင့် ရေနုတ်မြောင်းများ ပိတ်ဆို့စေရန် မပြုလုပ်ကြရန်အားလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဦး ကထွန်ယက်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ လယ်ယာသုံး စက်ကရိယာ မောင်းနှင်ခြင်းနှင့် ပြုပြင်ခြင်း ဝန်ဆောင်မှု ဆောင်ရွက်နေမှုများ အားလည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက ရေချိုငါးလုပ်ငန်းဥပဒေ၊ အင်းလေလံနှင့် ငါးမွေးမြူရေး၊ ရပ်ရွာအခြေပြု ငါးလုပ်ငန်းအစုဖွဲ့ ဆောင်ရွက်မှုများအား ရှင်းလင်း ပြောကြား ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမိုးဇော်က တိုင်းရင်းကြက်ကို အကျိုးအမြတ်ရှိအောင် မွေးမြူရေး၊ နေပီယာမြက်(နွားစာ)စိုက်ပျိုးမှု၊ ကြက်၊ ဘဲ၊ ဝက် မွေးမြူရေးဆိုင်ရာများ အားလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးထွန်းအောင်ကျော်က ချေးငွေထုတ်ချေးပေးနေမှု အခြေအနေများအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦးက မိုးကြိုသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ နေကြာသီးနှံ လျာထားချက် ပြည့်မီရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ သီးနှံအလိုက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် သီးနှံမျိုးကောင်း မျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ် နိုင်ရေးတို့အား ရှင်းလင်းပြောကြား ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော တောင်သူများမှ သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ ဌာနများအလိုက် ဖြေကြား ဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့ ဆားရေစိမ်ခြင်းအား လက်တွေ့ပြသကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း - ကိုမင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)