MNP - ဧပြီ ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဒေသထွက်ရာသီစာ မင်းဂွတ်သီးများ ယခုနှစ် ပေါဦးပေါ်ဖျား အချိန်ကတည်းက ဈေးကောင်း ရရှိနေတာကြောင့် ခြံပိုင်ရှင်များ အဆင်ပြေကြတယ်လို့ အရောင်း ဒိုင်များထံမှ သိရသည်။
ယခုနှစ် မေလအစောပိုင်းကတည်းက စတင်ခူးဆွတ်ရောင်းချနေသည့် ပေါင်မြို့နယ်ထွက် အအေးဓာတ်စာ မင်းဂွတ်သီးများမှာ ဈေးကွက်အတွင်း ဝယ်ယူစားသုံးသူ များပြားနေတာကြောင့် စတင်ခူးဆွတ်ချိန်မှ ယနေ့အထိ ဈေးကောင်းရရှိနေဆဲဖြစ်တယ်လို့ ပေါင်မြို့နယ်မှ မင်းဂွတ်ရောင်းဝယ်ရေးဒိုင် တစ်ဦးက ပြောသည်။
" ဒီနှစ်စခူးတဲ့အချိန်ကတည်းက ဈေးကောင်းရတယ်၊ အခုချိန်ထိလို့ ပြောလို့ရတယ်၊ ဈေးကွက်မှာလည်း အရောင်းအဝယ်ရှိတော့ ဒီဘက်ဒေသထွက် မင်းဂွတ် ရသလောက်ပွဲရုံက ယူနေတယ်။ အခုက ရာသီဥတု အရမ်းပူတယ်လေ၊ မင်းဂွတ်က အအေးဓာတ်စာဆိုတော့ ဝယ်စားကြတာလဲပါတယ်။ ဒီနှစ်က ခြံပိုင်ရှင်တွေအတွက် အဆင်ပြေတဲ့နှစ်လို့ပဲ ပြောရမယ်။ " ဟု၎င်းက ပြောသည်။
ယခုနှစ် မင်းဂွတ်သီး ပေါ်ဦးပေါ်ဖျားချိန် အလုံးကြီး တစ်လုံးကို ငွေကျပ် ၇၀၀ ဝန်းကျင်ခန့်နှင့် ပုံမှန်အလုံးတစ်လုံးကို ၅၀၀ ကျပ်ခန့် ဈေးကွက်အတွင်း ပေါက်ဈေးရှိခဲ့ပြီး လက်ရှိဈေးမှာ ၁၀၀ ကျပ်ဝန်းကျင်ခန့်သာ လျော့ကျသွားတယ်လို့ ၎င်းက ဆက်ပြောသည်။
ရာသီစာမင်းဂွတ်ကို မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် စိုက်ပျိုးကြပြီး ထွက်ရှိသော မင်းဂွတ်သီးများကို ဒေသတွင်းစားသုံး ရောင်းချမှုများအပြင် အလုံး(၁၅၀)ပါ ပလပ်စတစ်ကဒ်ဖာခြင်းများဖြင့် ထုတ်ပိုးကာ ရန်ကုန်ပွဲရုံနှင့် မန္တလေးတို့ကို အဓိကတင်ပို့ ရောင်းချကြောင်း အရောင်းဒိုင်များမှ သိရသည်။
ဒေသထွက် မင်းဂွတ်သီးကို တောင်ပေါ်သီးနှင့် ရွာသီးဟု ဒေသအတွင်းခွဲခြားထားပြီး တောင်ပေါ်သီးမှာ ရွာသီးထက် အလုံးပိုကြီးသော်လည်း အခွံထူကာအချဉ်ဓါတ် နည်းနည်းဖောက်ပြီး ရွာသီးမှာ အခွံပါးကာပိုချိုပြီး ဈေးနှုန်း အတူတူပင်ဖြစ်ကြောင်း မင်းဂွတ်ခြံ ပိုင်ရှင်များထံမှ သိရသည်။
ဒါအပြင် ယခုလို ပူပြင်းတဲ့ကာလမှာ အပူဓါတ်ကိုသက်ရောက်စေသည့် ဒူးရင်းသီးကိုစားသုံးပါက ဆန့်ကျင်ဘက် အအေးဓာတ်စာ မင်းဂွတ်သီးနှင့်တွဲဖက် စားသုံးသင့်တယ်လို့ ခြံပိုင်ရှင်များမှ အကြံပြုပြောဆိုခဲ့သည်။
သတင်း - တင်ဇာစိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment