ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာမှ လယ်ယာမြေများကို ခြံကွက်ရိုက် ရောင်းစားနေမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဖြေရှင်းဆောင်ရွက်ပေးရန် နစ်နာသူ တောင်သူများ တင်ပြ၊ နိုင်ငံတော်အကြီးအကဲများ ပါဝင်ပတ်သက်နေလျှင် တောင်သူများက စိတ်သန့်သန့်ဖြင့် လှူဒါန်းမည်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာမှ လယ်ယာမြေများကို ခြံကွက်ရိုက် ရောင်းစားနေမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဖြေရှင်းဆောင်ရွက်ပေးရန် နစ်နာသူ တောင်သူများ တင်ပြ၊ နိုင်ငံတော်အကြီးအကဲများ ပါဝင်ပတ်သက်နေလျှင် တောင်သူများက စိတ်သန့်သန့်ဖြင့် လှူဒါန်းမည်ဟုဆို











MNP ၊ ဧပြီ ၂၈

ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာမှ နစ်နာသူတောင်သူများက လယ်ယာမြေပေါ်တွင် လမ်းဖောက်၊ ခြံကွက်ရိုက်ရောင်းပြီး နစ်နစ်သူများအတွက် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသော အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ တို့ ထံ ၂၆-၄-၂၀၂၂ ရက်နေ့ ကထပ်မံ တင်ပြထားကြောင်း သိရသည်။

ဦးထွန်းစိန်၊ ဦးစိန်လှ၊ ဒေါ်ခင်မြေင့်ပါ တောင်သူ (၁၀)ဦးက ၎င်းတို့ မိဘလုပ်ငုတ် စိုက်ပျိုးလုပ်ကိုင်ခဲ့သော မြေယာများကို ဥက္ကဋ္ဌ ဟောင်းမှ နိုင်ငံတော်အာဏာအလွဲသုံးစားလုပ် သိမ်းဆည်းရယူသွားပြီး အဆင့်ဆင့်လွှဲပြောင်းခဲ့သော အခြေအနေများ၊ အချင်းဖြစ်မြေယာပေါ်တွင် နိုင်ငံတော်က ခွင့်ပြုထားခြင်းမရှိဘဲ လမ်းဖောက်၊ ခြံကွက်ရောင်း ရောင်းချနေမှုများကို ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးရန် တင်ပြထားခြင်းဖြစ်သည်။


ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင်လည်း တင်ပြခဲ့ကြောင်း၊ ပွင့်လင်းမြင်သာစွာ ဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်းမရှိဘဲ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရလက်ထက်တွင် ပွင့်လင်းမြင်သာစွာ ဖြေရှင်ဆောင်ရွက်ပေးရန် တောင်သူများက ရေးသားတင်ပြထားခြင်းဖြစ်သည်။

၎င်းတို့၏ တင်ပြစာတွင် "ကျွန်တော်/ ကျွန်မတို့အနေဖြင့် မိမိတို့ နစ်နာဆုံးရှုံးမှုအတွက် တင်ပြရာတွင် မတော်လောဘဖြင့် တင်ပြခြင်းမျိုးမဟုတ်ဘဲ ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ရေးကိုသာ အလေးထားတင်ပြလာခဲ့သည်။ ယခုအခါ လယ်ယာမြေများတွင် လယ်ပြန်လုပ်ချင်၍လည်း လုပ်စရာနေရာ မရှိတော့ပါ။ လမ်းဖောက်၊ ခြံကွက်ဖော်ရုံမျှမက အဆင့်မြင့် ခေတ်မှီ ဆန်းပြားသော တိုက်တာအဆောက်အဦများကိုပင် ဆောက်လုပ်နေကြပြီဖြစ်ပါသည်။ တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ ပါဝင်ရယူထားခြင်းကြောင့် ဆိုလျှင်လည်း ကျွန်တော်/ ကျွန်မတို့ တောင်သူများကို ပွင့်လင်းမြင်သာစွာ ညှိနှိုင်းစေလိုပါသည်။ တပ်မတော် အရာရှိကြီးများ၊ နိုင်ငံတော်အကြီးအကဲများ ပါဝင်ပတ်သက်နေသည်ဆိုလျှင် ကျွန်တော်/ ကျွန်မတို့က စိတ်သန့်သန့်ဖြင့် လှူဒါန်းမည်ဖြစ်ပြီး နောင်နောင်တွင်လည်း နစ်နာဆုံးရှုံးမှုအတွက် တင်ပြတော့မည်မဟုတ်ပါ။ အစိုးရနှစ်ဆက် ဆယ်စုနှစ်တစ်ခုကို ကျော်လွန်၍ အစိုးရသုံးဆက် ၁၅နှစ်၊ အနှစ် ၂၀ အထိလည်း အချိန်စွဲ မထားစေလိုပါ။ မည်သို့ပင် ဖြေရှင်းဆောင်ရွက်သည်ဖြစ်စေ နိုင်ငံတော်အနေဖြင့် တရားဝင် ပြီးပြတ်အောင် ဖြေရှင်းဆောင်ရွက်ပေးရန်သာ အလေးထား တင်ပြနေခြင်းဖြစ်သည့်အပေါ် ကျွန်တော်/ ကျွန်မတို့၏ တင်ပြမှုကို အလေးထား ဆောင်ရွက်ပေးနိုင်ပါရန် အသနားခံ တင်ပြအပ်ပါသည်။" ဟု ဖော်ပြပါရှိသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီး နောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် ပြင်ဦးမြို့ဖွံ့ဖြိုးတိုးတက်ရေး၊ ကော်ဖီစီမံကိန်းများ အောင်မြင်စွာ လုပ်ကိုင်နိုင်ရေး၊ စိုက်ပျိုးမြေများကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းသုံးစွဲနည်းများ မပြုလုပ်ရန် လမ်းညွှန်မှုများ ပြုလုပ်ခဲ့သည်။


ရေငယ်ကျေးရွာမှ စိုက်ပျိုးမြေများကို ဥက္ကဋ္ဌ ဟောင်းထံမှ လွှဲပြောင်းရယူထားသူများက ၂၀၀၇ နှစ်မှစ၍ လမ်းဖောက်၊ ခြံကွက်ဖော် ရောင်းချခြင်းများ ပြုလုပ်နေခြင်းဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း အရေးယူဆောင်ရွက်ခြင်းမရှိ၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင်လည်း အရေးယူဆောင်ရွက်ခြင်းမရှိ၊ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်အရောက်တွင် ပေ(၁၀၀) ပတ်လည် ခြံတစ်ကွက်လျှင် သိန်းပေါင်း (၁၆၀၀) ဖြင့် လူမှုကွန်ရက်ပေါ် ကြေညာ၍ ရောင်းချနေကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)