အားလုံးအတွက် အဟန့်အတားမဲ့ခရီးသွား အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အားလုံးအတွက် အဟန့်အတားမဲ့ခရီးသွား အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


MNP ၊ ဧပြီ ၂၁

အားလုံးအတွက် အဟန့်အတားမဲ့ခရီးသွား အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်လှုပ်ရှားနိုင်ရေးအတွက် မသန်စွမ်းမှု အခြေအနေအလိုက် ကူညီပံ့ပိုးဆောင်ရွက်ပေးခြင်းဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကိုလည်း ဖော်ဆောင်ပေးရာရောက်ကြောင်း၊ ခရီးသွားလုပ်ငန်းတွင် မသန်စွမ်းသူများအတွက် အလွယ်တကူ သွားလာနိုင်ရေးအပါအဝင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တို့တွင်လည်း အဆင်ပြေချောမွေ့စေရေး စီစဉ်ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုဦးရေ ၄ ဒသမ ၅ သန်းရှိသဖြင့် ယခုကဲ့သို့ Barrier Free Tourism ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လူမှုရေး အကျိုးအမြတ်သာမက စီးပွားရေး အကျိုးအမြတ်ပါ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများတွင် မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်များကို သိရှိနိုင်ရေးအတွက် ၎င်းတို့၏ အကြံဉာဏ်များကို ရယူခြင်း၊ သုတေသန ပြုလုပ်ခြင်းများ ဆောင်ရွက်ကြသည်ကို သိရှိရကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံတွင်လည်း Barrier Free Tourism အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိုကဲ့သို့ နမူနာရယူထည့်သွင်း ဆောင်ရွက်ပြီး ဆက်စပ်အဖွဲ့အစည်းများဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် Barrier Free Tourism အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ကျင်းပပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်က ခရီးသွားလုပ်ငန်းဟုဆိုရာတွင် လူသားတို့အနေဖြင့် ၎င်းတို့နေထိုင်ရာ မူလဒေသမှ အခြားနေရာဒေသတစ်ခုသို့ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး ရည်ရွယ်ချက်များဖြင့် သွားရောက်လည်ပတ်သည့် ကိစ္စရပ်ဖြစ်ပြီး ခရီးသွားဧည့်သည်ဟု ဆိုရာတွင်လည်း တစ်နှစ်ထက်နည်းသော အချိန်ကာလအတွင်း ခရီးသွားလာခြင်းကို ဆိုလိုကြောင်း၊ ထိုမှတစ်ဆင့် ခရီးသွားဧည့်သည် အမျိုးအစားများခွဲခြားပြီး ခရီးသွားလုပ်ငန်း အမျိုးအစားများအလိုက် အဆင်ပြေစွာ သွားလာလည်ပတ်နိုင်ရေးကို ဆောင်ရွက်လာကြရာမှ နောက်ပိုင်းတွင် မသန်စွမ်းခရီးသွားများအတွက်ပါ လွယ်ကူအဆင်ပြေစွာ သွားလာနိုင်ရန် ထည့်သွင်းစဉ်းစားလာခဲ့ကြောင်း။

ယနေ့အလုပ်ရုံဆွေးနွေးပွဲက ဆက်စပ်ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များ၊ ခရီးသွားလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များနှင့် ဆရာ ဆရာမများ ပါဝင်၍ လက်တွေ့ကျကျ တွင်တွင်ကျယ်ကျယ် အကောင်အထည်ဖော်နိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ ကနဦးအစီအစဉ်အဖြစ် ဟိုတယ်/ အဆောက်အအုံများတွင် မသန်စွမ်း ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးအပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးစဉ်နေရာများတွင်လည်း ဗိသုကာဆိုင်ရာ အတားအဆီးများ ဖြေလျှော့နိုင်ရန်အတွက် အစီအမံများထည့်သွင်းပြင်ဆင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုသို့ပြင်ဆင်ကြရာတွင်လည်း ယခုဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး ကျန်းမာရေးဆိုင်ရာနှင့် ခရီးသွားကန့်သတ်ချက် အတားအဆီးများကိုလည်း သတိမူထည့်သွင်း စဉ်းစားကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် လွယ်ကူချောမွေ့စွာ သွားလာနိုင်သော ခရီးသွားလုပ်ငန်း (Accessible Tourism) တွင် လုပ်ဆောင်သင့်သော အချက်များ ရေးဆွဲထုတ်ပြန်ထားရှိသကဲ့သို့ နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနတို့ကလည်း မသန်စွမ်းခရီးသွားများအတွက် ဆောင်ရွက်သင့်သော အချက်များပါဝင်သည့် အစီအစဉ်များ ချမှတ်ရေးဆွဲထားပါကြောင်း၊ ထို့ကြောင့် ခရီးစဉ်ဒေသများသို့ ခရီးသွားလာရန်ခက်ခဲသူများ အဟန့်အတားမဲ့ လွယ်ကူစွာသွားလာ လည်ပတ်နိုင်ရေးအတွက် Barrier Free Tourism Pilot Project ကို ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနတစ်ခုတည်းသာမက ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦး၊ နေပြည်တော်ကောင်စီမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်တို့က ခရီးသွားလုပ်ငန်းတွင် မသန်စွမ်းခရီးသွားများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဆက်သွယ်မှုဆိုင်ရာ ကြုံတွေ့ရလေ့ရှိသော အတားအဆီးများနှင့် ကန့်သတ်ချက်များ၊ အခွင့်အလမ်းနည်းပါးနေမှုများ၊ ပြုစုစောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ၊ ပြင်ဆင်ဆောင်ရွက်သင့်သည်များကို ကဏ္ဍအလိုက် နိုင်ငံတကာ လေ့လာချက်များဖြင့် ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် အဖွဲ့လေးဖွဲ့ခွဲပြီး သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အသီးသီးဆွေးနွေးကာ အဖွဲ့ကိုယ်စားလှယ်များက တင်ပြကြပြီး တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးကြကာ အဖွဲ့လိုက်ဆွေးနွေးမှုများအပေါ် သဘာပတိညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဆွေးနွေးချက်ရလဒ်များကို အခြေခံ၍ ဆောင်ရွက်ရမည့် အချက်များကို သုံးသပ်ဖော်ထုတ်တင်ပြကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများကို ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)