အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် NLD အစိုးရလက်ထက်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း အား ထောင်ဒဏ် နှစ် ၂၀ ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် NLD အစိုးရလက်ထက်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း အား ထောင်ဒဏ် နှစ် ၂၀ ချမှတ်


MNP ၊ ဧပြီ ၂၂

NLD အစိုးရလက်ထက်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၏ ဆောင်ရွက်ချက်များအပေါ် အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းသည် စစ်ကိုင်း တိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ရွေးချယ် ခံရန် ဆောင်ရွက်နေသည့်အချိန်တွင် ဒေသခံပြည်သူလူထု ထောက်ခံမှုရရှိစေရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းကို လိုက်နာမှုမရှိဘဲ မုံရွာ-ယာကြီး-ကလေးဝလမ်း၊ မိုင်(၈၅/ဝ)မှ ကြာပင်ကျေးရွာသို့ ဆက်သွယ်ထားသောလမ်းအား ငွေစာရင်းခေါင်းစဉ် လျာထားသတ်မှတ်မှုမရှိဘဲ လမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့်ဦးက လမ်းဦးစီးဌာန ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ် ၅၆၂ သန်းကျော်ဖြင့် သုံးစွဲ စေရေးဆောင်ရွက်စေခဲ့ခြင်း၊ မင်းကင်းမြို့နယ်တွင် ကျောက်အိုးတံတားအသစ်ကို ငွေလုံးငွေရင်း ရန်ပုံငွေမှလျာထားခွင့်ပြုထားခြင်းမရှိဘဲ ဦးကျော်လင်း၏ လမ်းညွှန်ချက်ဖြင့် တံတားဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးနေအောင်ရဲမြင့်က တံတားပြင်ဆင်ထိန်းသိမ်းရေးရန်ပုံ ငွေကျပ်သန်း ၁၂၀ ဖြင့် တည်ဆောက်စေ ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေးများကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း။

ဦးကျော်လင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်စဉ် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခရိုင်ရုံး ဆောက်လုပ်ရန်အတွက် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်ထံမှတစ်ဆင့် အဆောက်အဦ အထူးအဖွဲ့ ၁၆ ဖွဲ့ရှိ လက်အောက် ဝန်ထမ်းများထံမှ ငွေကျပ် သိန်း ၃၀ ကို လက်ခံရယူခဲ့ကြောင်း။

ဦးကျော်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေသည့်အချိန်တွင် မင်းကင်းမြို့နယ်သို့ သွားရောက်သည့် ခရီးစဉ်များ၌ ဘုန်းတော်ကြီးကျောင်းများသို့ ဝင်ရောက်ဖူးမြော်၍ အလှူငွေနှင့် ဆန်အိတ်များ ပေးအပ် လှူဒါန်းရာတွင် ၎င်း၏ညွှန်ကြားချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းများမှ စီစဉ်ပေးသည့် ဆန်အိတ် ၆၈ အိတ်ကို ထိုက်သင့်သည့် တန်ဖိုးငွေ ပေးချေခြင်းမရှိဘဲလက်ခံခဲ့ ကြောင်း။

ဦးကျော်လင်းသည် ပါတီအောင်နိုင်ရေးတွင် အသုံးပြုရန်အကြောင်းပြ၍ အလှူငွေများကို ၎င်းကိုယ်တိုင်နှင့် ၎င်း၏ ကိုယ်ရေးအရာရှိဖြစ်သူမှတစ်ဆင့် ဆောက်လုပ်ရေးဝန်ထမ်းများနှင့် ဆောက်လုပ်ရေးကုမ္ပဏီများထံမှ စုစုပေါင်းငွေကျပ် ၃၆၃ သိန်းကျော်ကို လက်ခံ၍ ရွေးကောက်ပွဲစည်းရုံးရေးအတွက် ပါတီအလံ၊ အင်္ကျီ၊ တီရှပ်၊ ဦးထုပ်နှင့် လက်ကမ်းစာစောင်များဝယ်ယူရာတွင် အသုံးပြုခဲ့ကြောင်း၊ ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုထံမှ စုစုပေါင်း ငွေကျပ်သိန်း ၆၀၀ ကို ၎င်း၏ ကိုယ်ရေးအရာရှိမှတစ်ဆင့် လက်ခံရယူခဲ့ကြောင်းတို့ကို စစ်ဆေး ပေါ်ပေါက်သဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂၆/၂၀၂၁ မှ ၃၅/၂၀၂၁ အထိအမှု ၁၀ မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။

၎င်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ယနေ့ရက်စွဲဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ် ကျခံစေရန်၊ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအောင်မြင့်ဦးကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ်  ၄ နှစ် ကျခံစေရန်နှင့် ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)