နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov အား လက်ခံတွေ့ဆုံ





MNP ၊ ဧပြီ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး Republic of the Tatarstan သမ္မတနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay Listopadov ၊ တာတာစတန်ပြည်နယ် ဒုတိယဝန်ကြီးချုပ်နှင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Mr. KARIMOV Albert Anvarovich နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း လာရောက်ခဲ့သည့် မိမိ၏ တာတာစတန်ပြည်နယ် ခရီးစဉ်အတွင်း အဆင်ပြေချောမွေ့စေရေး စီမံဆောင်ရွက် ပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး Republic of the Tatarstan သမ္မတက ယခုခရီးစဉ်အတွင်း မာရဝိဇယဗုဒ္ဓဥယျာဉ်တော်သို့ သွားရောက်လေ့လာ ခဲ့ပါကြောင်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ရုပ်ပွားတော်များတွင် အကြီးဆုံး ရုပ်ပွားတော်တစ်ဆူဖြစ်လာမည်ဟု သိရှိရကြောင်း၊ ကျောက်ဆစ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အလားတူ ဗုဒ္ဓဥယျာဉ်အတွင်းတွင် ပိဋကတ်သုံးပုံ ကျောက်စာချပ်များကို စိုက်ထူဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရကြောင်း၊ ယခုမာရဝိဇယ ဗုဒ္ဓဥယျာဉ်တည်ဆောက်ရေးတွင် အဆွေတော်ဝန်ကြီးချုပ်ကိုယ်တိုင် စီမံဆောင်ရွက်နေသည်ကို သိရှိရသည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိ၏ယခုခရီးစဉ် အဆင်ပြေချောမွေ့စေရေး စီမံဆောင်ရွက်ပေးမှုများအတွက်လည်း အထူးပင် ကျေးဇူတင်ရှိပါကြောင်း ပြန်လည်ပြောကြားသည်။

ထို့နောက် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေးဆိုင်ရာများ၊ သံမဏိနှင့်စက်မှုဓာတုလုပ်ငန်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်မှုနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်၊ အရပ်ဘက် ပညာတော်သင်များ စေလွှတ်ရေး၊ ရုရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က Republic of the Tatarstan သမ္မတနှင့် အဖွဲ့ဝင်များကို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

နေ့လယ်စာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် Republic of the Tatarstan သမ္မတနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

နေ့လယ်စာ သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက‌ တေးသံသာများဖြင့် သီဆိုတီးမှုတ်ကပြ ဖျော်ဖြေကြသည်။ နေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Republic of the Tatarstan သမ္မတတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Republic of the Tatarstan သမ္မတတို့သည် သီဆိုတီးမှုတ် ကပြဖျော်ဖြေခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)