Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအား ကြည့်ရှုလေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအား ကြည့်ရှုလေ့လာ







MNP ၊ ဧပြီ ၂၈

မြန်မာနိုင်ငံ၌ အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

ဦးစွာ Republic of the Tatarstan သမ္မတ ဦးဆောင်သည့် အဖွဲ့အား ဥပ္ပါတသန္တိ စေတီတော် ဂေါပကအဖွဲ့ဝင် ဦးကြည်ဝင်းက စေတီတော်၏ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် Republic of the Tatarstan သမ္မတနှင့်အဖွဲ့သည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး လှိုဏ်တော်အတွင်းရှိ ကျောက်စိမ်းရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုပြီး သစ်သီး၊ ပန်း၊ ရေချမ်းတို့ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် Republic of the Tatarstan သမ္မတသည် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ Republic of the Tatarstan သမ္မတနှင့်အဖွဲ့သည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ ရင်ပြင်ပေါ်တွင် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး စေတီတော်အရှေ့ဘက်မုခ်ရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်သို့ သွားရောက်ကာ ဆင်ဖြူတော်များကို အစားအစာများ ကျွေးမွေးကြသည်။

ထို့နောက် Republic of the Tatarstan သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်မည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ဗိုလ်ချုပ်ကိုကိုလွင်၊ ဗိုလ်မှူးချုပ် ဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ဗိုလ်ချုပ် ကိုကိုလွင် ကမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်း၏ ရည်ရွယ်ချက်၊ စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် အပိုင်းလိုက်သယ်ယူနိုင်ရေး ဆောင်ရွက်ခဲ့မှု၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ခေတ်မီ CNC စက်ကြီးများဖြင့် အပိုင်းများခွဲ၍ ထုဆစ်နေမှု၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဗိုလ်မှူးချုပ် ဇော်နိုင်ဦးက မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်မည့် အခြေအနေများနှင့် ဂန္ဓကုဋိတိုက်များ၊ သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော်၊ မော်ကွန်းတိုက်များ၊ သုဓမ္မာဇရပ်၊ ပိဋကတ်သုံးပုံ ကျောက်စာရုံများ၊ ဂေါပကရုံး၊ မုစလိန္ဒအိုင်၊ မင်္ဂလာတံတားနှင့် ရေပန်းများကို ရတနာပုံခေတ် လက်ရာများအတိုင်း ထည့်သွင်းတည်ဆောက်၍ မြန်မာ့အနုပညာလက်ရာ စုံလင်စွာဖြင့် ဗိသုကာလက်ရာမြောက်အောင် ထည့်သွင်းတည်ဆောက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗိုလ်ချုပ်ကိုကိုလွင်နှင့် Republic of the Tatarstan သမ္မတတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်များ အပြန်အလှန် ပေးအပ်ကြသည်။

ယင်းနောက် Republic of the Tatarstan သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မာရဝိဇယကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော် ထုဆစ်နေမှု၊ မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အပိုင်းများအား CNC Machine များဖြင့် ထုဆစ်နေမှုနှင့် ထုဆစ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် ဧည့်သည်တော် Republic of the Tatarstan သမ္မတနှင့် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး ပြခန်းမဆောင်အတွင်း ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ရွှေထည်၊ ငွေထည်နှင့် သယံဇာတ ပစ္စည်းများကို ပြကွက်အလိုက် ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)