Pages

Pages

သာစည်မြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ




MNP - မေ   ၂၆


မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအထောက်အကူပြုရန်၊ သစ်တောသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဆောင်ရွက်ရာတွင် ဒေသခံများပူးပေါင်းပါဝင်ဆောင်ရွက်လာကြစေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက သာစည်မြို့ အမှတ်(၁)ရပ်ကွက် ငါးဆူတိုးချဲ့အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။


စုပေါင်းသစ်ပင်စိုက်ပွဲတွင် ရှေးဦးစွာ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဇော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်၊ ခရိုင်သစ်တောဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်ထွန်းနှင့် မြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိဦးဇော်မင်းထွန်း-၂ တို့က လူထုဖြန့်ပျိုးပင်များကို ဌာနဆိုင်ရာများထံပေးအပ်သည်။ ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရတနာတန်းဝင်ကျွန်းပင်အား စတင်စိုက်ပျိုးပေးသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ဇနီးဒေါက်တာစောမြင့်ထူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်တမ်း ၂ နှစ် အမြင့် ၂ ပေနှင့်အထက်ရှိ ကျွန်း ၇၀ ပင်၊ ယင်းမာ ၈၅ ပင်၊ တမာ ၉၅ ပင်၊ ရေတမာ ၁၂၅ ပင်၊ စိန်ပန်း ၆၀ ပင်၊ မာတာကွတ် ၆၅ ပင် စုစုပေါင်းပျိုးပင် ၅၀၀ ကို ပျော်ရွှင်စွာစုပေါင်းစိုက်ပျိုးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လှည်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သာစည်မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း သစ်မျိုးစုံပျိုးပင်ပေါင်း ၁၇၄၅၀၀ ကို ပျိုးထောင်ဖြန့်ဝေစိုက်ပျိုးလျက်ရှိရာ ဌာနအစီအစဉ်ဖြင့်စိုက်ပျိုးမည့်ပျိုးပင် ၉၉၅၀၀ ကို စိုက်ပျိုးပြီးဖြစ်ကြောင်း၊ လူထုဖြန့်ပျိုးပင် ၇၅၀၀၀ မှာ ၂၀ ရာခိုင်နှုန်းဖြန့်ဝေစိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသောပျိုးပင်များကို ဆက်လက်ဖြန့်ဝေစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment