Pages

Pages

၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ ချင်းပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်



MNP ၊ မေ ၂၇

၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ ချင်းပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်ပညာရေးမှူးရုံး၊ တောင်ဇလပ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဟားခါးတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထွန်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် ကိုဗစ်−၁၉ ရောဂါကြောင့် အခြေခံပညာကျောင်းများ ပိတ်ထားရသည်မှာ(၂)နှစ်နီးပါး ကြာခဲ့ပြီးဖြစ်၍ ကျောင်းသားမိဘများအနေဖြင့် မိမိတို့ သားသမီးများ၏ အနာဂတ်ပညာရေးအတွက် စိုးရိမ်ပူပန်လျှက်ရှိကြကြောင်း၊ ဒါ့ကြောင့် ယခုနှစ်မှာ မိဘများအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံကြပါရန် တိုက်တွန်းလိုပါကြောင်း၊ ကျောင်းအပ်နှံကာလကို ပညာရေးဝန်ကြီးဌာနက မေ (၂၆) ရက်မှ ဇွန် (၁) ရက်နေ့အထိ သတ်မှတ်ထားသော်လည်း လက်ရှိနယ်အမြေ အခြေအနေအရ ဇွန်လကုန်အထိ ကျောင်းအပ်လက်ခံပေးမည်ဖြစ်ကြောင်၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး  တက်ရောက်မှုနှုန်းမြင့်မားလာ‌ရေးမှု လျော့နည်းလာစေရေးအတွက် ၂၀၁၁−၂၀၁၂ ပညာသင်နှစ်မှစ၍ အခမဲ့ပညာရေးစနစ်ကို မူလတန်းအဆင့်မှ စတင်ခဲ့ပြီး ၂၀၁၅−၂၀၁၆ ပညာသင်နှစ်အတွင် အထက်တန်းဆင့်အထိ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မိဘနှင့်ရပ်ရွာလူထုကျခံနေသည့် ပညာရေးကုန်ကျစရိတ်များကို သိသာစွာ လျှော့ချပေးနိုင်ခဲ့ကြောင်း၊  ထို့အတူ ကျောင်းနေအရွယ်ကလေးတိုင်း သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိရန်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ပညာသင်ဆုများကိုလည်း နှစ်စဉ်ချီးမြှင့်ပေးခဲ့သလို ယခုအခါမျိုးဆက်သစ် ကလေးများ၏ ပညာရည်အဆင့်အတန်း မြင့်မားလာစေရေးအတွက် သင်ရိုးသစ်သင်ခန်းစာများကို သင်ကြားနည်းစနစ်မှန်ကန်စွာ စနစ်တကျသင်ကြားနိုင်ရေးအတွက် အခြေခံပညာ ဆရာ၊ ဆရာမများကို နိုင်ငံတော်မှ ငွေကြေးမြောက်များစွာ အကုန်အကျခံကာသင်တန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးဟူသည်မှာ မွေးဖွားအချိန်မှ အစပြုကာ ဘဝတစ်လျောက်လုံး စဉ်ဆက်မပြတ် သင်ယူရမည့်အရာဖြစ်ပြီး နိုင်ငံတော်၏ လူမှုဘဝဖွံ့ဖြိုးရေးအတွက် အဓိကအရင်းအနှီးဖြစ်ပါကြောင်း၊ နောင်အနာဂတ် နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့် ပညာရည်ပြည့်ဝမှသာ နှလုံးရည်ပြည့်ဝမည် ဖြစ်သဖြင့် ကျောင်းနေအရွယ် ကလေးတိုင်းတစ်နည်းအားဖြင့် နိုင်ငံသားတိုင်း အခြေခံပညာကို ပြီးမြောက်ပြီး အကောင်းအဆိုး ဝေဖန်နိုင်စွမ်းရှိသည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်လာအောင် စဉ်ဆက်မပြတ် သင်ယူလေ့ကျင့်ရမည်ဖြစ်ကြောင်းနှင့် ကျောင်းနေအရွယ်ကလေးတိုင်း သင်ယူမှုအခွင့်အလမ်းရရှိရေး ကျောင်းထွက်သူ ပပျောက်ရေးတို့ကို ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် လူမှုအဖွဲ့အစည်းအားလုံး ဝိုင်းဝန်းကြိုးပမ်းကြရန် လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။


ထို့နောက် ပြည်နယ်ပညာရေးမှူး ဦးဘီကူဒူမှချင်းပြည်နယ်အတွင်း ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အတန်းကူးပြောင်း တက်ရောက်နိုင်မှု အခြေအနေ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စာရင်းရှိ ကျောင်းအရေအတွက်၊ လျာထားဖွင့်လှစ်နိုင်မည့်ကျောင်းအရေအတွက် အခြေအနေနှင့် မေလအထိ ဆရာ/ဆရာမ ဦးရေ အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


ယင်းနောက် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ကိုဗစ်−၁၉ ရောဂါ၊ Monkeypox ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ သတိပြုဆင်ခြင်ရမည့် အချက်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့်အထက်တန်းအဆင့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက လည်းကောင်း၊ အလယ်တန်းအဆင့်အတွက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က လည်းကောင်း၊ မူလတန်းအဆင့်အတွက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက လည်းကောင်းပေးအပ်ချီးမြှင့်ရာ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်း ကျောင်းသား၊ ကျောင်းသူများမှ လက်ခံရယူကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment