Pages

Pages

အုတ်ဖိုမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်




MNP - မေ   ၂၆


၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။


အုတ်ဖိုမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၇၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင်  သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိသည်။


အုတ်ဖိုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း(၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၄)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း(၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၀)ကျောင်း၊ မူလတန်းကျောင်း(၁၂၁)ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း(၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇) စုစုပေါင်း(၁၈၅)ကျောင်းတွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်ထံမှ သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment