စစ်တွေမြို့ပေါ်ရှိ သက်တော်ရှည်ဆရာတော်ကြီးများအား (၆)ကြိမ်မြောက် ပူဇော်ကန်တော့ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့ပေါ်ရှိ သက်တော်ရှည်ဆရာတော်ကြီးများအား (၆)ကြိမ်မြောက် ပူဇော်ကန်တော့ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပူဇော်

 






MNP - မေ  ၂၃


စစ်တွေမြို့၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များမှ ဦးဆောင်ပြီး စစ်တွေမြို့ပေါ်ရှိ သက်တော်ရှည်ဆရာတော်ကြီးများအား (၆)ကြိမ်မြောက် ပူဇော်ကန်တော့ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရင်ပြင်၌ ကျင်းပရာ သက်တော်ရှည်ဆရာတော်ကြီးများ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ပူဇော်ကြသည်။


ရှေးဦးစွာ သက်တော်ရှည်ဆရာတော်ကြီးများအား စစ်တွေမြို့၊ အောင်မြေကုန်းကျောင်းတိုက် ဆရာတော်က ပူဇာသန၊ နမန္တဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပင့်လျှောက်ပြီး အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဖွင့်လှစ်ကြသည်။ ဆက်လက်၍ အောင်မြေကုန်းဆရာတော် ရေးစပ်သီကုံးပူဇော်သော ဧကပိုဒ်ရတုအား ဦးလှဝင်းက လေးဝတီမင်္ဂလာစည်တော်ဝိုင်းနှင့် ပေါင်းစပ်ကာ ရွတ်ဆိုပူဇော်သည်။ ယင်းနောက် ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက သက်တော်ရှည် ဆရာတော်ကြီးများအား ပူဇော်ကန်တော့ကြပြီး စစ်တွေမြို့ ဘောင်းဒွတ်သားစု ရပ်ကွက်၊ မဟာအောင်မြေဘုံကျော်ကျောင်းတိုက် သက်တော်ရှည် ဆရာတော်ကြီးထံမှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက် တည်ကြသည်။ ဆက်လက်၍ သက်တော်ရှည် ဆရာတော်ကြီးများအား စစ်တွေမြို့၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ဦးဆောင်ဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုများနှင့် နဝကမ္မများဆက်ကပ် လှူဒါန်းကြပြီး စစ်တွေမြို့၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များ ဦးဆောင် ဆရာတော်၊ စစ်တွေမြို့၊ အာဂျိတ်တော်ကုန်း၊ အဗ္ဗာရာမကျောင်းတိုက် ဆရာတော်က ကျေးဇူးတင်စကား လျှောက်ထားပြောကြားသည်။ ထို့နောက် စစ်တွေမြို့၊ ကြွဖြူကျောင်းတိုက် ပဓာနနာယက၊ သက်တော်ရှည်ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအနုမောဓနာ တရားနာကြားကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် စစ်တွေမြို့ပေါ်ရှိ သိက္ခာတော် (၆၀)၊ သက်တော်(၈၀)နှစ်အထက် ရှိကြ‌သောသက်တော်ရှည် ဆရာတော်ကြီး ၁၀ ပါးအား စစ်တွေမြို့၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့် ရှောက်ရေးရဟန်းတော်များက ဦးဆောင်ကာ ရဟန်းသံဃာများ၊  ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စေတနာရှင် အလှူရှင်များက ပူဇော်ကန်တော့ကြ ခြင်းဖြစ်ကြောင်းသိရသည်။ 


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)