Pages

Pages

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာမှတောင်သူများနှင့်တွေ့ဆုံဆွေးနွေး

 


MNP - မေ   ၂၆


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးဦးမြင့်စိုးသည် ကရင်ပြည်နယ်အတွင်း သမဝါယမလယ်ယာကန်ထရိုက်စနစ် ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအုပ်စု၊ သမ္ဘာန်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာခန်းမ၌ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် သမဝါယမအသင်းသား/သူ တောင်သူလယ်သမားများနှင့် ရင်းနှီးစွာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမြင့်စိုးက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြသည့် တောင်သူများ၊ လုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး၊ သမဝါယမကန်ထရိုက်လယ်ယာစနစ်အကြောင်း၊ ကုန်ထုတ်လုပ်အသင်းဖွဲ့ပြီး မိမိတို့လယ်ယာမြေအား တစ်နှစ်လျှင် နှစ်သီးစား၊ သုံးသီးစားအထိ စိုက်ပျိုးကြစေလိုကြောင်း၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် မြေပဲနှင့်နေကြာဆီ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ကြိုးစားစိုက်ပျိုးကြစေလိုကြောင်း၊ တောင်သူများအတွက်အကျိုးရှိလာနိုင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် အောင်သဇင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်ဇာခြည်စိုးက မိမိတို့ကုမ္မဏီမှ ကန်ထရိုက်လယ်ယာစနစ်ဖြင့် တောင်သူများလိုအပ်လျှင် စပါးစိုက်မည့်မြေအား မြေပြင်ထွန်ယက်ပေးခြင်း၊ မျိုးစပါးကူညီပံ့ပိုးပေးခြင်း၊ ဓာတ်မြေဩဇာထောက်ပံ့ပေးခြင်း၊ စပါးရိတ်သိမ်းလျှင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့်ရိတ်သိမ်းပေးခြင်း၊ နည်းပညာပံ့ပိုးကူညီပေးခြင်း၊ ထွက်ရှိသည့်စပါးများကို ဒေသပေါက်ဈေးအတိုင်းဝယ်ယူပေးခြင်း စသည့်ဆောင်ရွက်ပေးနိုင်သည့်လုပ်ငန်းများကို တောင်သူများအားရှင်းပြခဲ့သည်။


ထို့နောက် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်၊ အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်၊ ကရင်ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ဆုယဉ်မြင့်တို့က ကန်ထရိုက် လယ်ယာစနစ်ဖြင့်ဆောင်ရွက်မည့်အသင်းသားများအတွက် ကိုယ့်ရဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ့်ရဲ့ဒေသထွက်ကုန်တိုးမြှင့်စေရေးအတွက်အသင်းသားများအနေဖြင့် ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း၊ အိမ်တွင်းစီးပွားရေးအတွက် မော်တော်ဆိုင်ကယ်ပြုပြင်သင်တန်း၊ အချိုရည်ထုတ်လုပ်နည်းသင်တန်း၊ ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်း၊ အခြေခံသံပန်းနှင့် ဂဟေဆက်နည်းသင်တန်းများ၊ မုန့်လုပ်နည်းမျိုးစုံသင်တန်းများကို ကျေးလက်နေပြည်သူများအတွက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် သမဝါယမအသင်းသား ကိုယ်စားလှယ်သမ္ဘာန်ကျေးရွာနေ တောင်သူဦးဇော်လင်းထိုက်က စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကိုဆောင်ရွက်နေကြသည့် တောင်သူများ၏လိုအပ်ချက်များကိုရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဒုတိယဝန်ကြီးက တောင်သူများအနေဖြင့် လိုအပ်သည့်အရင်းအနှီးချေးငွေများကို ထုတ်ချေးပေးမည့်အခြေအနေများနှင့် သမဝါယမအသင်းစုများမှ အသင်းသူ၊အသင်းသားများစုဖွဲ့မှုအားကောင်းရန်၊ ချေးငွေများကို အချိန်မီပေးဆပ်နိုင်ရန်နှင့် မိသားစုစီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မိမိတို့၏စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။


သတင်း - လင်းသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment