ဆီဆိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ



MNP - မေ   ၃၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ်ဖြစ်သည့် “ကျောင်းနေအရွယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”နှင့်အညီ အခြေခံပညာကျောင်းများအလိုက် သတ်မှတ်ကာလအတွင်း သင်ယူပြီးမြောက်စေရေးအတွက် ကျောင်းအပ်နှံရေးလုပ်ငန်းကို ဒေသအာဏာပိုင်များ၊ ပညာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များ၊ ပညာရေးစေတနာရှင်များနှင့်မိဘပြည်သူများ ပူးပေါင်းပါဝင်လျက် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၂ခုနှစ်၊ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက်ခြင်း၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့်အလိုက် ကျောင်းအပ်နှံရေးလုပ်ငန်း စီမံချက်ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ကျောင်းအပ်နှံရေး ဦးစီးကော်မတီအဆင့်ဆင့်ဖွဲ့စည်း၍ ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အသိပေးကြေညာချက်အရ ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့အပ်နှံရန် အသိပေးထားပါကြောင်း၊ ကျောင်းအုပ်ဆရာ/ဆရာမများ အားလုံးနှင့်အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များကိုလည်း ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား/ကျောင်းသူများအတွက် နှစ်စဉ်အခမဲ့ဗလာစာအုပ်၊ ခဲတံ၊ ပုံနှိပ်စာအုပ်များကိုလည်း အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးစိုးသစ်က ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပရခြင်းအကြောင်းများနှင့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် မိဘပြည်သူများ၊ ဆရာ/ဆရာမများ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်မှာကြားပြီး ပညာရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို  ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကြက်ခြေနီအသင်းတို့မှ လှူဒါန်းထားသည့် ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်များကို တက်ရောက်လာကြသည့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများထံ ပေးအပ်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ ကျောင်းကော်မတီများ၊ ဆရာ/ဆရာမ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား(၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးမြတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)