ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 


MNP - မေ  ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး အတွက် လူထုလှုပ်ရှားမှုအနေဖြင့် ဆောင်ရွက်သင့်ကြောင်း၊ မိုးဦးကျ လေဦးကျတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် စုပေါင်းပြီး ကာကွယ်ကြဖို့လိုကြောင်း၊ ဖုံး သွန် လဲ စစ် နှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြဖို့လိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်က သွေးလွန်တုပ်ကွေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားရာတွင် “သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပြီဆိုရင် ရောဂါပိုး သယ်ဆောင်လာတဲ့ ခြင်ဟာ အဲ့ဒီလူနာရဲ့ အိမ် ကိုက်(၅၀)ကနေ ကိုက် (၁၀၀)အတွင်း လျှောက်သွားနေပါတယ်။ အဲ့နေရာကို ကြိုတင်ကာကွယ်မှုတွေ လုပ်ရပါမယ်။ ရောဂါပိုးမပြန့်ပွားအောင် ခြင်ဆေးမှုတ်ခြင်း ၊ဖုံး သွန် လဲ စစ် နဲ့ အဘိတ်ခတ်ခြင်း အသိ ပညာပေးခြင်းတို့ကို ဆောင်ရွက်ရပါမယ်။ အိမ်မဲမြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၂၂)ဦးရှိပေမဲ့၊ အဲလူနာတွေဟာ သာမန်သွေးလွန်တုပ်ကွေး လက္ခဏာပဲ တွေ့ရပါတယ်။ ရပ်ကွက်၊ ကျေးရွာတွေမှာ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲတွေ ပြုလုပ်ရပါမယ်။ အိမ်မဲမြို့နယ်မှာ ရပ်ကွက်ကျေးရွာအုပ်စုတွေမှာ အပါတ်စဉ် တစ်ပြိုင်နက်တည်း ပြည်သူလူထုအားလုံး ပါဝင်တဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်သင့်ကြောင်း” projector ဖြင့် အကျယ်တဝင့် ဆွေးနွေးပြောကြား ခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ဆရာဝန်ကြီးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် အ.ထ.က(၁)ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွတ်မှာကြားပေးခဲ့ကြောင်း သိရသည်။


သတင်း -ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)