Pages

Pages

ကျောက်ဆည်မြို့၌ တတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထပ်ဆောင်းဆေးထိုးရန် ကျန်ရှိသည့် ပညာရေးဝန်ထမ်း (၃၅၁)ဦးအား ကာကွယ်ဆေးများထိုးနှံပေး

 



MNP - မေ   ၂၄


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထပ်ဆောင်းဆေးထိုးရန်ကျန်ရှိသည့် ပညာရေးဝန်ထမ်း(၃၅၁)ဦးအား ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထပ်ဆောင်းဆေးများ ထိုးနှံပေးရာတွင် လုပ်ငန်းမြန်ဆန်ရေးနှင့် လူဦးရေကျန်လပ်မှုမရှိစေရေး ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး စနစ်တကျစာရင်းပြုစုပြီး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ပညာရေးဝန်ထမ်းများအနေဖြင့် ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိမ်းသူများနှင့် ထိတွေ့ဆက်ဆံရတော့မည်ဖြစ်သဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထပ်ဆောင်းဆေးများ ကျောင်းဖွင့်ရာသီအမှီ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။


ကျောက်ဆည်မြို့နယ်တွင် မူလတန်းကျောင်း-ခွဲ(၁)၊မူလတန်းကျောင်း(၁၂၉)၊ မူလတန်းလွန်ကျောင်း (၂၆)ကျောင်း၊ အလယ် တန်း(၈)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၂)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ(၉)ကျောင်း၊အထက်တန်းကျောင်း (၁၁) ကျောင်း စုစုပေါင်း(၁၈၆)ကျောင်းရှိကြောင်းနှင့် ပညာရေးဝန်ထမ်း (၁၅၈၅)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment