Pages

Pages

မြိတ်မြို့၌ ရှေးဟောင်းအဆောက်အဦအဖြစ်သတ်မှတ်ထားသည့် ကိုလိုနီခေတ်ရုံးအဆောက်အဦ (၄)ခုအား တိုင်းဒေသကြီးဝန်ကြီးများ ကြည့်ရှုစစ်ဆေး

 


MNP - မေ  ၂၆


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်ရှေးဟောင်းအဆောက်အဦအဖြစ်သတ်မှတ်ခဲ့သည့် ကိုလိုနီခေတ်ရုံးအဆောက်အဦ(၄)ခုအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီး၊ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


မြိတ်မြို့ရှိ ကိုလိုနီခေတ်ရုံးအဆောက်အဦ(၄)ခုမှာ (၁၉၁၃)ခုနှစ်တွင် တည်ဆောက်ခဲ့သည့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းရုံး၊ (၁၉၆၀)ခုနှစ်တွင်တည်ဆောက်ခဲ့သည့် One Stop Service ရုံး(မောရစ်ကောရစ်နေအိမ်)၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် သစ်တောဦးစီးဌာနရုံးတို့ဖြစ်ကြပြီး အဆိုပါရုံးအဆောက်အဦ(၄)ခုကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ အမိန်ကြေညာစာဖြင့် (၂၀၂၂)ခုနှစ် ဧပြီလတွင် ရှေးဟောင်းအဆောက်အဦ ကာကွယ်ထိန်းသိမ်းရေးဥပဒေဖြင့် ရှေးဟောင်းအဆောက်အဦများအဖြစ် သတ်မှတ်ခဲ့ကြောင်းသိရသည်။


အဆိုပါ ရုံးအဆောက်အဦ(၄)ခုရှိတာဝန်ရှိသူများအား တိုင်းဒေသကြီးဝန်ကြီးများက ရုံးအဆောက်အဦကို ရှေးမူမပျက်ဆက်လက်ထိန်းသိမ်းကြရန်နှင့် ပြုပြင်ဆောင်ရွက်သည့်အခါ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး အဆောက်အဦများအားကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဖော်ပြပါအဆောက်အဦ(၄)ခုအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သက်ဆိုင်ရာအဆောက်အဦတာဝန်ရှိသူများထံ ရှေးဟောင်းအဆောက်အဦအဖြစ် သတ်မှတ်ခြင်းနှင့်ပတ်သက်၍ အမိန့်ကြေညာစာမိတ္တူများ၊ အသိပေးအကြောင်းအကြားစာများ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment