Pages

Pages

ကျောင်းအပ်ပွဲ


နှစ်စဉ်နှစ်တိုင်း ဆိုရင်တော့ ကျောင်းအပ်ရာသီရောက်၊ ကလေးတွေ ကျောင်းအပ်ကြ။ ဒါဟာ ပုံမှန်ပါပဲ။ ပုံမှန်မဟုတ်ခဲ့တာတော့ ၂၀၂၀ က စပါတယ်။ ၂၀၂၀ ဟာ ကမ္ဘာကြီးအတွက် ဂြိုလ်ဆိုးဝင်ခဲ့သလို မြန်မာပြည်အတွက်လည်း ရလာဒ်ကောင်းမရှိတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ မှာ ကိုဗစ်ကြောင့် ကျောင်းတွေမဖွင့်နိုင်ခဲ့ဘူး။ အာဏာရပါတီရဲ့ မဲလိမ်မဲခိုးမှုတွေကြောင့် တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေက ဖြေရှင်းဆောင်ရွက်ဖို့ အကြိမ်ကြိမ်ပြောကြားနေတဲ့ကြားက အစိုးရအသစ်ကို ဖွဲ့ဖို့ကြိုးပမ်းနေချိန်၊ ၂၀၂၁ မှာတော့ တပ်မတော်က အာဏာအရပ်ရပ်ကို ထိန်းသိမ်းနိုင်ခဲ့လို့ မဲလိမ်မဲခိုး အစိုးရ၊ ပြည်ပသြဇာခံ လက်ပါးစေအစိုးရရဲ့ လက်အောက်ကနေ မြန်မာပြည်ကြီး လွတ်မြောက်ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်ဟာဖြင့် အကောင်းအဆိုး ဒွန်တွဲနေတဲ့ နှစ်တစ်လို့ ပြောရပါမယ်။ ပြည်ပြ သြဇာခံ လက်ပါးစေအစိုးရကို ဖြုတ်ချနိုင်ခဲ့ပေမယ့် အဲဒီပြည်ပသြဇာခံ လက်ပါးစေ အုပ်စုက အာဏာလက်မဲ့ဖြစ်ပြီးနောက် အလုံးစုံပျက်သုဉ်းရေးကို ဖန်တီးလာတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူတစ်ရပ်လုံး နှလုံးစိတ်ဝမ်း မအေးချမ်းခဲ့ရပါဘူး။ သို့ပေသော် အစိုးရတစ်ရပ်ရဲ့ တာဝန်ကို ယာယီအားဖြင့် လွှဲပြောင်းရယူထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေကိုသာ အာရုံထားပြီး အကြမ်းဖက်နှိမ်နင်းရေးကို ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်ခဲ့ပါတယ်။ ပြည်ပသြဇာခံ လက်ပါးစေတွေရဲ့ ဝါဒဖြန့်လှုံ့ဆော်မှုတွေကြောင့် အဖိုးတန်လူငယ်တွေ အကြမ်းဖက်သမားများဖြစ်သွားရသလို အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကားမှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာလည်း သေကျေပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ပြည်ပသြဇာခံ အကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ ဝါဒဖြန့်လှုံ့ဆော်မှုနောက်မှာ လိုက်ပါစီးမျောနေကြတဲ့ လူငယ်တွေဟာ အပြစ်မဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြလို့ ဆုံးရှုံးခဲ့ရတာလည်း မနည်းပါဘူး။

ဒီလိုအကြမ်းဖက်မှုတွေဖြစ်ပေါ်နေတဲ့ ကာလမှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျောင်းသား/ ကျောင်းသူတွေအတွက် ပညာရေးနစ်နာလို့ ကျောင်းတွေပြန်ဖွင့်မယ်ဆိုတော့လည်း ပြည်ပသြဇာခံ အကြမ်းဖက်အုပ်စုက ကျောင်းတွေကို တိုက်ခိုက်မယ်လို့ လှုံ့ဆော်ကြပြန်ရော။ ကျောင်းတက်မယ်လို့ စိတ်ကူးထားတဲ့ မိဘတွေခမျာမှာ ကျောင်းမထားဝံ့ပြန်ဘူး။ ပြည်ပသြဇာခံ လက်ပါးစေတွေက အဖျက်အမှောင့် အလုပ်တွေ လုပ်နေတာဖြစ်လို့ လှုံ့ဆော်တာက မထူးဆန်းဘူး။ သူတို့ လှုံ့ဆော်တဲ့အတိုင်း အကြမ်းဖက်သမား လူငယ်တွေက ကျောင်းတွေကို ဖောက်ခွဲတိုက်ခိုက်တယ်။ ကိုယ့်ဆရာ၊ဆရာမတွေကို Social Punishment လုပ်လာတယ်။ ကိုယ့်အတန်းဖော် သူငယ်ချင်းတွေကို Social Punishment လုပ်လာတယ်။

မြှောက်ပေးတိုင်း မိုက်ရူးရဲဆန်ဆန် လုပ်ရဲတဲ့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ လူတစ်စု (အကြမ်းဖက်သမား)တွေကို ပြည်ပသြဇာခံ လက်ပါးစေတွေက ကောင်းကောင်းကြီး ကြိုးကိုင်နိုင်ခဲ့တယ်။ လှုံ့ဆော်သူက လှုံ့ဆော်မှာပဲ။ လုပ်သင့်သောအလုပ်လား၊ မလုပ်သင့် မလုပ်အပ်သော အလုပ်လားဆိုတာတောင် စဉ်စားဆင်ခြင်နိုင်ခြင်းမရှိတဲ့ လူရမ်းကားတွေရဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ လုပ်ရပ်တွေကို မြင်တွေ့လာကြရတယ်။ အကြမ်းဖက်လုပ်ရပ်တွေမှာ မပါဝင်ပေမယ့် အကြမ်းဖက်လုပ်ရပ်တွေကို အားပေးပြီး ပြည်ပြေး လက်ပါးစေတွေရဲ့ လှုံ့ဆော်မှုတွေေကြောင့် မေမေပြန်လာမှ ကျောင်းတက်မယ်ဆိုတဲ့ လူတစ်စုကိုလည်း တွေ့ခဲ့ရတယ်။ သူတို့မျှော်လင့်နေတဲ့ မေမေ ဆိုသူရဲ့ လုပ်ရပ်တွေက ဘာတစ်ခုမှ တိုင်းရင်းသားပြည်သူအကျိုးကို ရှေးရှုဆောင်ရွက်ခဲ့ခြင်းမျိုး မရှိဘူး။ တိုင်းရင်းသားပြည်သူအကျိုးကို ရှေးရှုသူ၊ တိုင်းရင်းသားပြည်သူများရဲ့ လူမှုဘဝတိုးတက်မြင့်မားရေးကို ရှေးရှုသူ ဖြစ်ရိုးမှန်ရင် ကျွန်တော်တို့လည်း Respect ပါပဲ။

ဘယ်လောက်အထိ ရိုင်းစိုင်းရမ်းကားသူတွေလဲ ဆိုတာ ပြည်ပြေး ဝရမ်းပြေး မျိုးရန်နောင်သိန်း က ကျောင်းထားမယ့် မိဘတွေကို ရုပ်သံလွှင့်ပြီး ခြိမ်းခြောက်ပုံက "ကိုယ့်သားသမီးတွေ ခြေပြတ်လက်ပြတ် ဖြစ်ချင်ရင် ကျောင်းထားကြ။ အခက်မသင့်ရင် အသက်ပါသွားမယ်" လို့ ခြိမ်းခြောက်တယ်ဗျာ။ ယုတ်ကမ်း ရိုင်းစိုင်းတဲ့ နေရာမှာတော့ စံပြပုဂ္ဂိုလ်တွေပါပဲ။ 

ဒီလို လူရမ်းကားတွေရဲ့ ခြောက်လှန့်မှုတွေကြားက ကျောင်းကို ရအောင်ဖွင့်ပေးခဲ့တယ်။ ကျောင်းတက်သူ ရာခိုင်းနှုန်းက ရခိုင်ပြည်နယ်လို နေရာမှာ ရာနှုန်းပြည့် ရှိပေမယ့် အခြားသော တိုင်းနဲ့ ပြည်နယ်တွေမှာ အတော်လေး နည်းခဲ့ပါတယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ၂၆-၅-၂၀၂၂ ရက်နေ့ကစပြီး ကျောင်းအပ်လက်ခံခဲ့တယ်။ ၁-၆-၂၀၂၂ ရက်နေ့အထိ လက်ခံသွားမှာဖြစ်တယ်လို့ ကြေညာထားခဲ့ပါတယ်။ တစ်နိုင်ငံလုံး တိုးကြိတ်ပြီးတော့ ကျောင်းအပ်ကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျောင်းအပ်ပွဲ အခမ်းအနားတွေလည်း ကျင်းပကြတာကို မြင်တွေ့ရပါတယ်။ 

ကျောင်းသားမိဘတွေ အသိမှန် အမြင်မှန် ရလာတာကို ကျေးဇူးတင်မိတယ်။ လေလှိုင်းပေါ်ကနေ လှုံ့ဆော်နေတဲ့ ပြည်ပသြဇာခံ လက်ပါးစေတွေဟာ တာဝန်ခံမှု တာဝန်ယူမှု ဘာမှမရှိတဲ့သူတွေဆိုတာကို မိဘတွေ သဘောပေါက်လာကြတယ်။ သူတို့ကိုယ်တိုင်တောင် သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုတွေကြောင့် တိုင်းပြည်တွင်းမှာ မနေနိုင်ဘဲ ပြည်ပထွက်ပြေး တိမ်းရှောင်ပြီး ခိုကပ်နေရတဲ့သူတွေက ဘယ်သူ့အတွက် တာဝန်ယူနိုင်မှာလဲ။ ဘယ်သူ့အတွက်မှ တာဝန်မယူနိုင်ပါဘူး။ ပြည်ပြေး၊ ဝရမ်းပြေး ပြည်ပသြဇာခံ လက်ပါးစေတွေ တိုင်းပြုပြည်ပြု လုပ်ခဲ့တဲ့ မှတ်တမ်းမရှိပါဘူး။ အာဏာလက်မဲ့ ဖြစ်သွားချိန်က စပြီး တိုင်းဖျက်ပြည်ဖျက် လုပ်ရပ်တွေကို နည်းလမ်းပေါင်းစုံနဲ့ လုပ်ခဲ့တာကတော့ သူတို့ရဲ့ သမိုင်းမှတ်တမ်းပဲ ဖြစ်ပါတယ်။

ကျောင်းအပ်ပွဲတွေ မြင်တွေ့ရလို့ ပီတိဖြစ်ရသလို၊ ကျွန်တော် စကားကို နားဝင်မှာ မဟုတ်ဘူးလို့ ထင်ထားတဲ့ ညီငယ်တစ်ယောက် ကျောင်းပြန်တက်လို့လည်း ကျွန်တော့်မှာ အတိုင်းမသိ ပီတိဖြစ်ရပါတယ်။ ကျွန်တော့်ညီငယ်ကို ကျောင်းပြန်တက်စေချင်လွန်းလို့ ပြောခဲ့ရတဲ့ စကားတွေကို ဖောက်သည်ချချင်တာပါ။

ညီလေး ကိုလတ်တို့ ကျောင်းတက်ခဲ့တာ ဒီမိုကရေစီ အစိုးရလက်ထက်မှာ မဟုတ်ဘူး။ မင်းတို့ကို ကျောင်းမတက်နဲ့လို့ လှုံ့ဆော်နေတဲ့ သူတွေ ငါ့အရွယ်၊ ငါ့ထက်ကြီးတဲ့သူတွေချည်းပဲ။ သူတို့တုန်းက စစ်အစိုးရလက်ထက်မှာ ဘာလို့ ကျောင်းတက်ခဲ့လဲ။

နောက်တစ်ချက် - တပ်မတော်အရာရှိကြီးတွေကို မကျေနပ်ဘူးဆိုရင် အဲဒီတပ်မတော်အရာရှိကြီးတွေက မင်းတို့ငါတို့လို ဒီကျောင်းကနေမှ စစ်တက္ကသိုလ်ရောက်ပြီး အရာရှိကြီးတွေ ဖြစ်လာတာ။ နိုင်ငံရေးသမားတွေလို ၄တန်းအောင်၊ ၅တန်းလောက်နဲ့ လွှတ်တော်အမတ် ဝင်လုပ်သလို လုပ်မရဘူး။ တပ်မတော်အရာရှိကြီးတွေကို ပညာမတတ်ဘူးလို့ ပြောနေတဲ့ နိုင်ငံရေးသမားတွေက ဆယ်တန်းမအောင်ဘူး။ ဘွဲ့မရဘူး။ 

နောက်တစ်ချက် - ကိုယ့်အစိုးရက ဖွင့်တဲ့ကျောင်းကို မတက်ချင်ဘူးဆိုရင် ဗိုလ်ချုပ်တို့ခေတ်က အင်္ဂလိပ်အစိုးရဖွင့်ပေးတဲ့ ကျောင်းမှာ တက်ခဲ့ရတယ်။ အင်္ဂလိပ်အစိုးရသင်ပေးတဲ့ ပညာနဲ့ အင်္ဂလိပ်အစိုးရကို ပြန်တော်လှန်ခဲ့ရတာပဲ မဟုတ်ဘူးလား။ 

ဒါတွေပြောပြလို့လည်း နားမဝင်သေးပါဘူး။ မျက်နှာချင်းဆိုင် တွေ့တဲ့အခါကြမှ မိမိကိုယ်တိုင် ၉တန်း၊ ၁၀တန်း အခက်အခဲ ကြားထဲက တက်ခဲ့ရတဲ့အခြေအနေ၊ အဝေးသင်ဘွဲ့တစ်ခုရဖို့ ကြိုးစားခဲ့ရတဲ့အခြေအနေတွေကို ပြောပြဖြစ်တယ်။ မင်းတို့ ငါတို့ကို မွေးခဲ့တဲ့အမေ ပညာမပြည့်စုံဘူး။ လေးတန်းပဲ အောင်တယ်။ ဘဝကို ပင်ပန်းဆင်းရဲကြီးစွာ ရုန်းကန်ပြီး အကိုတို့ကို ကျောင်းထားခဲ့တယ်။ သူ့လို ပညာမပြည့်စုံတဲ့ဘဝနဲ့ ရပ်တည်ပြီး ပင်ပန်းဆင်းရဲမှာ စိုးရိမ်တာလေ။ ကျန်တဲ့သူ စကားထက် အမေရဲ့ စကားကို အလေးထားရမယ်။ အမေမရှိတော့ပေမယ့် အမေ့ရဲ့ စိတ်ဓာတ်ကို စံထားရမယ်။ အမေဖြစ်စေချင်တဲ့ လမ်းကို လျှောက်ရမယ်။ ကိုယ့်ဘဝခရီးလမ်းကို ကိုယ်တိုင်ပဲ လျှောက်ရမှာ။ ဘယ်သူ့ကို အားကိုးပြီး နေမလဲ။ လူတစ်ယောက်ဖြစ်လာရင် အစောင့်ရှောက်ခံ ဘဝဆိုတာ ရှိတယ်။ ကိုယ်က ပြန်ပြီး စောင့်ရှောက်ရတဲ့ အချိန်ကိုလည်း ရောက်လာအုံးမှာ ဖြစ်တယ်။ တစ်သက်လုံး ကိုယ့်ကို ဘယ်သူကမှ စောင့်ရှောက်မှာ မဟုတ်ဘူး။ ကိုယ်က ပြန်စောင့်ရှောက်ရတဲ့ အခြေအနေကိုလည်း ရောက်လာအုံးမှာ ဖြစ်တယ်။ ချစ်လှပါတယ်ဆိုတဲ့ အမေတောင် ကိုယ်တွေကို ခွဲခွာသွားခဲ့တယ်ဆိုရင် ချစ်လှပါတယ်ဆိုပြီး ကိုယ့်ကို ဘယ်သူက တစ်သက်လုံး မ နေမှာလဲ။ မ နေချင်အုံးတော့။ မ နိုင်တဲ့ အခြေအနေရှိအုံးမှ။ အကိုက မင်းကို အခု ကျောင်းထားပေးနိုင်တဲ့အခြေအနေရှိလို့သာ ကျောင်းတက်ဖို့ တိုက်တွန်းတာလေ။ ငါ့အနေနဲ့ ဘာမှ မကူညီနိုင်ဘူးဆိုရင် မင်းကျောင်းတက်ဖို့ ငါတိုက်တွန်းလို့မရဘူး။ 

နှိုင်းယှဉ်ကြည့်။ ပညာနဲ့ အသက်မွေးတဲ့သူ၊ ပညာမဲ့ အသက်မွေးရသူ။ ပညာမတတ်တော့ ပင်ပန်းဆင်းရဲကြီးစွာ ရုန်းကန်ရတယ်။ ပညာနဲ့ ဘဝကို ရပ်တည်ရတဲ့အခါကြတော့ ပင်ပန်းဆင်းရဲမှု နည်းမယ်။ သာဓကတွေကလည်း အဝေးကြီး လိုက်ကြည့်နေဖို့ မလိုဘူး။ ကိုယ့်မိသားစုထဲမှာပဲ နှိုင်းယှဉ်ကြည့်လို့ရတယ်။ အကိုက မင်းကို တိုက်တွန်းလို့ပဲ ရမယ်။ ကျောင်းတက်မယ်၊ မတက်ဘူးက မင်းသဘော။ မင်းတတ်မှ ဖြစ်မှာ။ နောက်ဆုံးတော့ ညီလေးက ကျောင်းတက်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ လွန်စွာ ပီတိဖြစ်ရပါတယ်။

ဖြစ်စဉ်တွေကို သုံးသပ်တဲ့အခါမှာ အမြင်မှန်ဖို့ လိုပါတယ်။ အမှားအမှန် ခွဲခြားနိုင်ဖို့ လိုပါတယ်။ အမြင်မရှင်းဘူးဆိုတာက အမှန်မသိကြလို့ပါ။ အမှန်မသိခြင်းကလည်း လေ့လာမှုနည်းပြီး တစ်ဖက်ပိတ်ဖြစ်နေတာကြောင့်လည်း ပါ ပါတယ်။ အမှန်သိအောင်လေ့လာ၊ အမှန်တရားကို လက်ခံစွမ်းရှိသူလည်း ဖြစ်ဖို့လိုတယ်။ အဂတိတရားလေးပါး ကင်းရှင်းစွာနဲ့ လေ့လာသုံးသပ် ဆုံးဖြတ်မယ်ဆိုရင် အမြင်ရှင်းမှာဖြစ်သလို၊ အမှန်သိမှာ ဖြစ်ပါတယ်။ ကျောင်းသားမိဘတွေ အမြင်ရှင်းသွားပြီ ဖြစ်လို့ ကျောင်းသား/ ကျောင်းသူတွေ စာသင်ကျောင်းကို ရောက်လာကြပါပြီ။

နိုင်ငံတော်က ကျောင်းနေအရွယ်ကလေးတိုင်း စာသင်ကျောင်းကို ရောက်ရှိစေရေး၊ အခမဲ့ ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ သို့တိုင်အောင်လည်း မြန်မာနိုင်မှာက စာသင်ကျောင်းနဲ့ အလှမ်းကွာလွန်းတဲ့ တောစွန် တောင်ကြားမှာ နေကြတဲ့ မိဘပြည်သူတွေရဲ့ သားသမီးတွေဟာလည်း စာသင်ကျောင်းကို ရောက်လာဖို့ ခဲယဉ်းပါတယ်။ နိုင်ငံတော်ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကျောင်းနေအရွယ်ကလေးတိုင်း စာသင်ကျောင်းကို ရောက်လာစေဖို့ ထမင်းကျွေးပြီး ကျောင်းလွှတ်ပေးဖို့တောင် မတတ်နိုင်တဲ့ မိသားစုများထဲရှိ ကလေးငယ်များကို နိုင်ငံတော်က အပြည့်အဝ အကုန်အကျခံ ကျောင်းထားပေးတဲ့ စနစ်တစ်ခုကိုလည်း ဥပဒေရေးစွဲပြီး အကောင်အထည်ဖော်နိုင်မယ်ဆိုရင်တော့ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်တဲ့ အခြေအနေကို ရောက်ပါလိမ့်မယ်။ နိုင်ငံတော်က အပြည့်အဝ စောင့်ရှောက်နိုင်တဲ့ စနစ်သာရှိမယ်ဆိုရင် ကျောင်းနေအရွယ်ကလေးများကို ကျောင်းမထားတဲ့ မိဘတွေကိုလည်း ထိုက်သင့်သလို အရေးယူတဲ့စနစ် လိုပါလိမ့်မယ်။ ပညာမဲ့ လူရမ်းကာတွေဟာ တိုင်းပြည်ကို နည်းမျိုးစုံနဲ့ ဖျက်ဆီးနေကြတဲ့ သာဓကိုလည်း တွေ့ခဲ့ကြရပြီဖြစ်ပါတယ်။ ပညာတတ်သော်လည်း ဆင်ခြင်တုံတရား ကင်းမဲ့သူတွေဟာ ပညာမဲ့များရဲ့ သွေးဆောင်ဖျားယောင်းမှုနောက် လိုက်ပါပြီး တိုင်းဖျက်ပြည်ဖျက် ပူးပေါင်းဆောင်ရွက်နေကြတဲ့ သာဓကတွေကိုလည်း တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။ 

တိုင်းပြည်ကို ပညာနဲ့ တည်ဆောက်ရပါတယ်။ ဆင်ခြင်တုံတရားပြည့်ဝတဲ့ ပညာရှိလူငယ်များစွာ ကို ပြုစုပျိုးထောင်ဖို့ လိုပါတယ်။ တိုင်းပြည်ကို ကောင်းကျိုးပြုနိုင်မယ့် ဆင်ခြင်တုံတရားပြည့်ဝသော ပညာတတ် သားကောင်းရတနာများစွာ ထွန်းပေါ်စေခြင်းငှာ ကျောင်းထားကြပါလို့သာ တိုက်တွန်းအကြံပြုလိုက်ရပါကြောင်း . . . . .


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment