MNP - မေ ၄
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များလိုက်ပါ၍ မေလ ၄ ရက်နေ့ နံနက်ပိုင်းက သာမည ကျေးလက်ကျန်းမာရေးဌာနတွင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် မွေးစအရွယ်မှ တစ်နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာမညပတ္တမြားကျောင်းဆရာတော်အား သွားရောက် ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာမည မြစောညီနောင်စေတီတော်အား ဖူးမြော် ကြည်ညို၍ သာမညတောင်ပေါ် ဝလုံးကျောင်းဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာမည ကျေးလက်ကျန်းမာရေးဌာနတွင် သာမည (၂၄)ရပ် ကွက်၊ သာယာကုန်း၊ ကလားစု၊ ဝင်းစိန်၊ ကျွန်းကြီးကျေးရွာများမှ မွေးစမှတစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေး နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု့အားပေးပြီး ကာကွယ်ဆေးထိုး တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment