ယူကရိန်းက အနောက်နိုင်ငံများ၏ သင်္ဘောဖျက်ဒုံးကျည်များ စတင်လက်ခံရရှိ၊ ယူကရိန်းသို့ လက်နက်အများအပြား ဝင်ရောက်လာခြင်းက”အန္တရာယ်”ရှိကြောင်းပူတင်သတိပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းက အနောက်နိုင်ငံများ၏ သင်္ဘောဖျက်ဒုံးကျည်များ စတင်လက်ခံရရှိ၊ ယူကရိန်းသို့ လက်နက်အများအပြား ဝင်ရောက်လာခြင်းက”အန္တရာယ်”ရှိကြောင်းပူတင်သတိပေး




ပေကျင်း၊ မေ ၂၉ 

ယူကရိန်းသည် ဒိန်းမတ်မှ သင်္ဘောဖျက်ဒုံးကျည်နှင့် အမေရိကန်မှ Self-Propelled Howitzer များ စတင်လက်ခံနေပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksiy Reznikov က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ဒိန်းမတ်မှ Harpoon ဒုံးကျည်သည် ယူကရိန်း၏ ရေကြောင်းကာကွယ်ရေးကို အားကောင်းစေမည်ဖြစ်ပြီး အဆိုပါ ဒုံးကျည်များကို လေ့ကျင့်သင်ယူထားသည့် ယူကရိန်းစစ်သားများက အသုံးပြုသွားမည်ဖြစ်ကြောင်း Oleksiy Reznikov က ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။


“Harpoon” ဒုံးကျည်ကို အမေရိကန် ဘိုးရင်းကုမ္ပဏီမှ ထုတ်လုပ်ထားပြီး ကီလိုမီတာ ၃၀၀ နီးပါးအကွာအဝေးအထိ ပစ်လွတ်နိုင်ကြောင်း သိရသည်။ အိမ်ဖြူတော်သည် တိုက်ရိုက် သို့မဟုတ် ဒုံးကျည်များတပ်ဆင်ထားသော ဥရောပမဟာမိတ်များမှတစ်ဆင့် ယူကရိန်းသို့ သင်္ဘောဖျက်ဒုံးကျည်များ လွှဲပြောင်းပေးရန် စဉ်းစားနေသည်ဟု အမေရိကန်အစိုးရနှင့် လွှတ်တော်သတင်းအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်မီဒီယာများက ယခုလလယ်တွင် ဖော်ပြခဲ့သည်။


ယူကရိန်းမှ Harpoon ဒုံးကျည်လက်ခံရရှိခြင်းက ဗြိတိန်မှပါဝင် ပေးပို့ခြင်းကဲ့သို့သော “နိုင်ငံစုံပူးပေါင်ဆောင်ရွက်မှု” ၏ ရလဒ်ဖြစ်ကြောင်း Oleksiy Reznikov က မေ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။


ထို့ပြင် ယူကရိန်းက တာဝေးပစ် စွမ်းအားတိုးမြှင့်ရန်အတွက် အမေရိကန်မှ ပြုပြင်မွမ်းမံထားထားသော တာဝေးပစ် M109 Self-Propelled Howitzer အပါအဝင် အကြီးစား အမြောက်အမျိုးအစားများစွာကို စတင်လက်ခံရရှိနေကြောင်းနှင့် အမေရိကန်ထုတ် M270 တာဝေးပစ်ဒုံးပျံလောင်ချာစနစ်ကိုလည်း ရရှိရန် မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။


အမေရိကန်စစ်တပ်သည် ယူကရိန်းနိုင်ငံ အပြင်ဘက်၌ ယူကရိန်းစစ်သားများအား Howitzer အသုံးပြုရန် လေ့ကျင့်ပေးခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဌာန အရာရှိတစ်ဦးက ယခင်လတွင်ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက မေ ၂၈ ရက်တွင် ဖော်ပြထားသည်။ အမေရိကန်သည် ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့ရန် အသင့်ဖြစ်နေကြောင်း CNN သတင်းဌာနက မေ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။


အမေရိကန်နှင့် ၎င်း၏အနောက်မဟာမိတ်နိုင်ငံများက ယူကရိန်းသို့ လက်နက်အများအပြား ပေးပို့ခဲ့ပြီး လက်ရှိတွင် ပိုမိုအဆင့်မြင့်၊ ပစ်လွတ်မှု အကွာအဝေး ပိုမိုမြင့်လာကြောင်းနှင့် ယူကရိန်းကို အသုံးချကာ ရုရှားအပေါ် “ကြားခံစစ်ပွဲ” ဆင်နွှဲနေကြောင်း ရုရှားက အကြိမ်ကြိမ် ပြစ်တင်စွပ်စွဲခဲ့သည်။


ရုရှားသမ္မတ ဗလာတီမာပူတင်က မေ ၂၈ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ရာ အနောက်နိုင်ငံလက်နက်အများအပြား ယူကရိန်းသို့ဝင်ရောက်လာခြင်း၏ အန္တရာယ်ရှိသော သဘောသဘာဝကို ပြောကြားခဲ့သည်။


ထိုသို့ဆက်သွယ်ဆွေးနွေးရာတွင် ပူတင်က အနောက်နိုင်ငံများမှ ယူကရိန်းသို့ လက်နက်များ အဆက်မပြတ်ပေးပို့ခြင်းက အခြေအနေနှင့် လူသားချင်း စာနာ‌ထောက်ထားမှုဆိုင်ရာ အန္တရာယ်ကို ပိုမိုဆိုးဝါးစေမည်ဟု သတိပေးခဲ့သည်။


ယူကရိန်းသို့ အနောက်နိုင်ငံများမှ လက်နက်များ ဝင်ရောက်လာခြင်းက ပဋိပက္ခ အရှိန်မြင့်တက်လာမည့် အန္တရာယ်ကို သိသိသာသာ တိုးမြှင့်စေမည့်အပြင် အမေရိကန်မှ ယူကရိန်းသို့ တာဝေးပစ် အမြောက်စနစ်များ ပေးပို့ပါက ရုရှားအနေဖြင့် လက်ခံနိုင်မည်မဟုတ်ကြောင်း အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် Anatoly Antonov က မေ ၂၈ ရက်တွင် ဝေဖန်ပြောကြားခဲ့သည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)