ရခိုင်ပြည်နယ် ယူရီးယားဓါတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ယူရီးယားဓါတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP - မေ  ၂၅


ရခိုင်ပြည်နယ် ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ရခိုင်ပြည်နယ် ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးရာသီအမီ ဝယ်ယူဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ရည်ရွယ်ပြီး ယခုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ကျင်းပရခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍမှာ ကိန်းဂဏန်းအချက်အလက်များအရ လယ်မြေ၊ ယာမြေ၊ ကိုင်း၊ ကျွန်းမြေ၊ ဥယျာဉ်ခြံမြေများမှာ စုစုပေါင်း ဧရိယာ ၁၁ သိန်း ၅ သောင်းကျော် စိုက်ပျိုးနိုင်ကြောင်း၊ ပြီးခဲ့သည့်နှစ် စိုက်ပျိုးရာသီတွင် စပါးဧကပေါင်း ၉၉၈၈၈၀ ဧကစိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် ၆၂ ဒသမ ၄၅ တင်းထွက်ရှိခဲ့ပါကြောင်း၊ ထို့အပြင် အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်မဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ချက်ကြံရင့်များကိုလည်း အသီးသီးစိုက်ပျိုးထွက်ရှိခဲ့ပါကြောင်း၊ ဆန်ဖူလုံမှုအနေဖြင့် ၁၅၃ ဒသမ ၁၉ ရာခိုင်နှုန်းရရှိခဲ့ပြီး ဆီဖူလုံမှုအနေဖြင့် ၄၄ ဒသမ ၄၈ ရာခိုင်နှုန်းရရှိ ခဲ့သည်ကိုတွေ့ရပါကြောင်း၊ ယခုကဲ့သို့ ရေခံမြေခံကောင်းမွန်ပြီး သင့်တင့်သော အထွက်နှုန်းများရှိသည့် စိုက်ပျိုးရေးကဏ္ဍမှာ လိုအပ်သော ဓာတ်မြေဩဇာများကို စိုက်ပျိုးတောင်သူများလက်ဝယ်သို့ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် ကော်မတီမှာပါဝင်သည့် အဖွဲ့အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ကြောင်းပြောကြားသည်။


ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကော်မတီတွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဓာတ်မြေဩဇာများ ရောင်းချမည့်အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် တက်ရောက်လာကြသော ကော်မတီဝင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များမှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက်၊ အရောင်းဆိုင်အလိုက်  ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့် ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးတို့နှင့် ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြကြသည်။


အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)