၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံမှုများကို ဇွန် ၁ ရက်အထိ ဆက်လက်လက်ခံသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံမှုများကို ဇွန် ၁ ရက်အထိ ဆက်လက်လက်ခံသွားမည်










MNP ၊ မေ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းအခြေခံပညာဦးစီးဌာန အောက်ရှိ ထက်/လယ်/မူ ကျောင်းများကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၂ ခုနစ် မေ ၂၆ ရက်မှ  ဇွန် ၁ ရက်အထိ သတ်မှတ်ထားပြီး  ကျောင်းသား ကျောင်းသူများကို ကျောင်းဖွင့်ချိန်ကာလ ဇွန်လကုန်အထိ ဆက်လက် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


ယနေ့သည် ကျောင်းအပ်နှံရေးသီတင်းပတ်၏ အဖွင့်ရက်ဖြစ်သည့် အားလျော်စွာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ထက်၊လယ်၊မူ ကျောင်းများတွင် အတန်းအလိုက် ကျောင်းလာရောက်အပ်နှံသော ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် စည်ကားလျက်ရှိသည်။


 “ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ကျောင်းတွေမဖွင့်ခင်ကတည်းက ကျောင်းတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားတဲ့ လုပ်ငန်းတွေရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ညွှန်ကြားမှုနဲ့ ဌာနဆိုင်ရာ အသီးသီးပါဝင်ပြီး ကျောင်းသန့်ရှင်းရေးနဲ့ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးကို အထူး ဆောင်ရွက်ထားရှိပါတယ်။ ကျောင်းတွေမှာလည်း ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ စာသင်ကြားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါတယ်။   နိုင်ငံတော်က   ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ မူလတန်းအဆင့်မှာ ကျောင်းသုံးဝတ်စုံ တစ်စုံစီ အခမဲ့ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ အခြေခံပညာကျောင်းပေါင်းအနေနဲ့ ၂၇၅၉ ကျောင်း ရာနှုန်းပြည့် ဖွင့်ပြီး ကျောင်းသားများ လက်ခံနေပါတယ်။ ကျောင်းသား လက်ခံတဲ့အခါ ပုံမှန်နှစ်တွေထက်စာရင် ဖြေလျော့ပြီး လက်ခံပေးထားပါတယ်။ ကျောင်းထွက် လက်မှတ်ရရှိဖို့ အခက်အခဲရှိသူတွေကိုလည်း စိစစ်ပြီးဖြေလျော့လက်ခံ ပေးပါတယ်။ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူခွင့် ရရှိအောင် ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်လျက် ရှိပါတယ်။ အခြေခံပညာ ကျောင်းတွေ၊ ရပ်ရွာ၊ ကျေးရွာအထိ ဖွင့်လှစ်ပေးထားပြီ ဖြစ်ပါတယ်။ ကျောင်းမနေသူ ကလေးများကိုလည်း ကျောင်းကိုရောက်ရှိအောင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်”ဟု  ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။


ယခုနှစ် ကျောင်းအပ်နှံရာတွင်လည်း မည့်သည့်အခကြေးငွေမှ ကောက်ခံခြင်း မပြုရန်၊ ငွေကြေးလက်ဆောင် ပစ္စည်းများ လက်ခံခြင်းမပြုရန်နှင့် အတန်းတံဆိပ်၊ ကျောင်းတံဆိပ် အစရှိသည်များ ရောင်းချခြင်းမပြုရန် ပညာရေးဝန်ကြီးဌာမှ ထုတ်ပြန်ထားသည်။


အခြေခံပညာအထက်တန်းကျောင်း သုဝဏ္ဏမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်စန်း က "ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလအနေနဲ့ မေ၂၆ ရက်ကနေ ဇွန် ၁ ရက်နေ့အထိ  ဖြစ်ပါတယ်၊ ကျွန်မတို့ကျောင်းက မနက်(၈)နာရီကနေ နေ့လယ် ၂ နာရီအထိ လက်ခံပါတယ်၊ ကျောင်းလာရောက်အပ်နှံမယ်ဆိုရင် ကျောင်းသားကျောင်းသူနဲ့အတူ မိဘအုပ်ထိန်းသူပါမှသာ ကျောင်းအပ်လက်ခံပါတယ်။ KG နဲ့ Grade 1 ကျောင်းသား ကျောင်းသူတွေဆိုရင် မိဘနှစ်ပါးရဲ့ မှတ်ပုံတင်မူရင်း၊ မိတ္တူရယ် ရပ်ကွက်နေထိုင်ကြောင်း သန်းခေါင်စာရင်း မိတ္တူ၊ မူရင်း ပါရှိရပါမယ်။ ကျောင်းလာရောက်အပ်နှံ့တယ်ဆိုရင် ကလေးတိုင်းကို ပုံနှိပ်စာအုပ်ရယ်၊ ဗလာစာအုပ်ရယ်၊ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေကို အခမဲ့ပေးသွားမှာဖြစ်တယ်။ မူလတန်း အတွက် ထောက်ပံ့ပေးတဲ့ ကျောင်းဝတ်စုံကိုလည်း ကျောင်းဖွင့်ချိန် ကာလအတွင်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ မနှစ်က အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ဖြစ်တဲ့ ကလေးတွေဆိုရင် နဂိုမူရင်း အတန်းကို သွားရောက် အပ်နှံရမှာဖြစ်ပါတယ်။ နောက်တစ်ခုက  ၂၀၁၉-၂၀၂၀ မှာ Grade-5 စတုတ္တ တန်းအောင် ထားတဲ့သူဆိုရင် Grade-6 မှာသွားရောက် သင်ကြားရမှာဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ မှာ နဝမတန်းအောင်ထားတဲ့ ကျောင်းသား၊ ကျောင်းသူ ဆိုရင် စနစ်သစ် Grade -11 မှာ တက်ရောက်ခွင့်ရှိတယ်၊ Grade-11 ပြင်ပဖြေ စနစ်ဟောင်းကိုလည်း ရွေးချယ်ခွင့်ရှိတယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ  ပညာရေး ဝန်ကြီးဌာနရဲ့ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နဲ့အညီ မိဘများအနေနဲ့ မိမိတို့ရဲ့ ကလေးတွေကို ကျောင်းလာရောက်အပ်နှံ့ကြဖို့ ဖိတ်ခေါ်ပါတယ်"ဟု ပြောသည်။


အထက(၂)လသာမှ  Grade-4 ကျောင်းသူမိဘတစ်ဦးကလည်း "ကျွန်မသမီးက ဒီကျောင်းမှာ Grade-4 တက်မှာပါ။ ဓာတ်ပုံ သုံးပုံပဲပေးရတယ်၊ ကျောင်းက ပြန်ပြီး ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ်စုံ၊ မက်စ်ရယ်ပေးတယ်။ ကမ္ဘာနဲ့အဝန်းမှာ ကလေးတွေပညာရေး လုံးပမ်းနေချိန် ဒီမှာလည်း ကလေးတွေကို ကျောင်းအပ်ခွင့်ရတာ ဝမ်းသာပါတယ်။ ပညာသင်ဖို့အခွင့်အလမ်းတွေရတယ်။ ဒါမှလည်း သူတို့ရဲ့အနာဂတ် တွေပြောင်းလဲနိုင်မှာပါ။ မာလာလာပြောခဲ့တဲ့စကားလိုပဲ ဘောလ်ပင် တစ်ချောင်း၊ စာအုပ်တစ်အုပ်၊ ကျောင်းသားတစ်ယောက်၊ ဆရာမတစ်ယောက်ရှိရင် ကလေးတွေရဲ့ အနာဂတ်၊ ကမ္ဘာကြီးကိုပါ ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့စကားကို ကျွန်မတို့သတိရ ရမှာပါ။ ဒီလိုမျိုး ကျောင်းမတက်ဘဲနေရင် ကလေးတွေရဲ့ အနာဂတ်မလှပရင် ကမ္ဘာကြီးကို လှပအောင် ဘယ်လို ပြောင်းလဲလို့ရမလဲ၊ အဲဒါကြောင့် အနာဂတ်မျိုးဆက်သစ်လေးတွေရဲ့ ပညာရေးတိုးတက် မြင့်မားဖို့အတွက် ကျောင်းနေရမယ့်အရွယ်၊ ကျောင်းတက်ရမယ့်အချိန်မှာ ကျောင်းသားတွေကို ကျောင်းအပ်ပေးကြပါလို့ မိဘတစ်ယောက်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ဒီနှစ် ကျောင်းလာအပ်တဲ့ ကျောင်းသူတွေ ပိုများလာတာလည်း တွေ့ရတယ်”ဟု ပြောသည်။ 


ကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအနေဖြင့် Mask၊ Face Shield ပေး ဝေခြင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး ကျောင်းများတွင် သတိပေးစာ၊ ကြေညာချက်၊ ဗီနိုင်းများ ချိတ်ထားခြင်း၊  စာသင်ချိန်အတွင်း လိုက်နာရမည့်အချက်များ ချိတ်ဆွဲထားခြင်း၊ လက်ဆေးဘေစင်များနှင့် အမှိုက်ပုံးများ  စနစ်တကျ ထားရှိပေးထားသည်ကိုလည်း တွေ့ရသည်။


အထက(၂)စမ်းချောင်း မှ Grade(9) အတန်းပိုင်ဆရာမ ဒေါ်အမာစိန် က" ကျောင်းအပ်နှံ့ရေး သီတင်းပတ် ဖြစ်တဲ့ မေလ ၂၆ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ ပိတ်ရက်မရှိ နံနက် ၈ နာရီကနေ မွန်းလွဲ ၂ နာရီအထိလက်ခံမှာဖြစ်ပါတယ်။ ကျောင်းအပ်နှံရေး သီတင်းပတ် အတွင်းမှာလည်း ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ကိုဗစ်ကာကွယ်ရေး Mask,  covid shield၊ ခဲတံ၊ ဘောလ်ပင်၊ အားလုံး တစ်ပါတည်းပေးလိုက်မှာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ မူကြို KG နဲ့ အခြား ကြားအတန်းတွေအတွက် ကျောင်းသူအသစ်တွေ ဝင်ခွင့်ဖောင် အခမဲ့ပေးတယ်။  နောက်အတန်းတွေဖြစ်တဲ့ Grade(1)ကစပြီး Grade(12) အထိ ကျောင်းအပ်လက်ခံနေပါတယ်။ ထူးခြားချက်ကတော့ ၂၀၁၉-၂၀၂၀ အောင်မြင်မှုရပြီးသားကလေးတွေ ဒီနှစ်မှာပြန်ဝင်ပြီး လက်ခံပါတယ်။ တစ်တန်းကို  ၄ ပေစီခြားပြီး ၄၅ ဦးစီ  သင်ကြားလိုရအောင် စီမံထားပါတယ်။ ဆရာမတွေအနေနဲ့ အတန်းစိ အချိန်စိဝင်နိုင်အောင် အချိန်စာရင်းတွေအဆင်သင့် ဆွဲထားပြီပါပြီ။ နောက်ကလေးတွေအနေနဲ့ ကိုဗစ်ကာကွယ်ရေးနဲ့ ကျင့်သားရပြီး သားဖြစ်နေပါတယ်။ အတန်းတိုင်းရှေ့မှာ ဘေစင်၊ လက်ဆေးဆပ်ပြာ၊ အမှိုက်ပုံး၊ ကိုဗစ်စွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်တဲ့ အမှိုက်ပုံးကအစ ပြင်ဆင်ထားပါတယ်။ သင်ကြားရေး အပိုင်းမှာဆိုရင်   တစ်နေ့ကို စာသင်ချိန် ရှစ်ချိန်နဲ့ တစ်ပတ်ကို စာသင်ချိန်စုစုပေါင်း ၄၀ ဆွဲထားပြီးပါပြီ။ ကျောင်းကိုလာတဲ့အခါမှာလည်း စည်းကမ်းတကျပညာသင်နိုင်ဖို့ စိတ်ပါဝင်စားပျော်ရွှင်စွာ နဲ့ သင်နိုင်အောင် အားလုံးဘက်စုံက ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ကာယ၊ ပန်းချီ စသဖြင့် ဆရာကြီးများ၊ ပညာရှင်ကြီးများနဲ့ ဆွေးနွေးတိုင်ပင်ပြီး အချိန်ဇယားဆွဲထားပါတယ်။ ဒီနှစ်စာသင်နှစ်မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ ဘက်စုံဖွံ့ဖြိုးရေး ဘာသာရပ်အားလုံး သင်ကြားပေးမှာဖြစ်ပါတယ်"ဟုဆိုသည်။


ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade -5၊ Grade -8နှင့် Grade-11 သင်ရိုး သစ်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် လက်ရှိတွင် ဆရာ၊ ဆရာမများအတွက် သင်ရိုးသစ် TOT သင်တန်းများကို ဧပြီလအတွင်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။


သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းကလည်း" ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလ မတိုင်မီကတည်းက ကျောင်းတွေရဲ့ ကျောင်းဝန်း သန့်ရှင်ရေးအတွက် ရေနဲ့မိလ္လာ၊ ကျောင်းသုံးစာအုပ်တွေ အချိန်မီဖြန့်ဝေနိုင်ဖို့ကအစ သက်ဆိုင်ရာတာဝန်ရှိသူ တွေက ဆောင်ရွက်ခဲ့ကြတယ်၊ ကိုဗစ်က ပေါ့သွားပေ့မယ့် လုံးဝပျောက်သွားတာ မဟုတ်သေးဘူး၊ ဒါကြောင့် ကျောင်းတွေမှာ ခုံစီတာက အစ ကိုဗစ်စည်းကမ်းနဲ့အညီ ဆောင်ရွက်ထားတယ်၊ ဒါ့အပြင် ကျောင်းမဖွင့်ခင် သင်ကြားရေး ဆရာ၊ဆရာမတွေကိုလည်း  Grade-5၊ Grade-8 စတာတွေကို ဗဟိုအဆင့်၊ တိုင်းအဆင့် မြို့နယ့်အဆင့်ဆင့် သင်ရိုးသစ် သင်တန်းတွေ ပေးရပါတယ်၊ သင်္ဃန်းကျွန်းမြို့နယ်မှာ အထက (၅)ကျောင်း၊ အထက(ခွဲ) (၂)ကျောင်း၊ အလက(၅)ကျောင်း၊ မူလတန်း ကျောင်း(၃၅)ကျောင်း စုစုပေါင်း (၄၇)ကျောင်း ရှိပါတယ်၊ ကိုယ်ပိုင်ကျောင်း (၁၃)ကျောင်း၊ ဘက (၆)ကျောင်း ရှိပါတယ်၊ ကျောင်းတက်ချင်တဲ့ ကလေးတွေကို ဇွန်လကုန်အထိ လက်ခံပေးပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးကအစ  အစစအရာရာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းဆွေးနွေးစီမံ ဆောင်ရွက်ထားရှိပါတယ်၊ ကလေးတွေ ကျောင်းတက်ကြပါ" ဟု ပြောသည်။


လက်ရှိတွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို COVID-19 ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


“ကျောင်းအပ်နှံရေး သီတင်းပတ်ကို ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အတိုင်း ကျောင်းတိုင်း လက်ခံကြပါတယ်။ ဒီနှစ်ကျောင်းအပ်နှံရေး ဆောင်ပုဒ်ကတော့ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့၊ ကျောင်းအပ်နှံကြစို့ ဖြစ်ပါတယ်။ နှစ်တိုင်း ကျောင်းသားဟောင်းရော၊ ကျောင်းသား သစ်ရော လက်ခံပါတယ်။‌ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းသို့ရောက်ရှိရေးအတွက်ဆိုတဲ့အတိုင်း ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းအားလုံး ကျောင်းသားများအားလုံးကို လက်ခံပါတယ်။ ဒီနှစ်ဆို ၂၀၁၉-၂၀၂၀ ခုနှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ဖြစ်တဲ့ ကျောင်းသား အားလုံးလက်ခံပါတယ်။  ကျောင်းသားအသစ်တွေကိုလည်း လက်ခံပါတယ်။ ကျွန်မတို့ကျောင်းက မိန်းကလေးကျောင်း ဖြစ်တဲ့အတွက် ပဉ္စမတန်းအထိကို ယောကျ်ားလေး လက်ခံပြီး Grade-6 မှ Grade-12 အထိ မိန်းကလေးပဲ လက်ခံပါတယ်။ ကျောင်းမဖွင့်ခင်ကတည်းက ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြပါတယ်။ အခမဲ့ပညာရေးလည်းဖြစ်တဲ့အတွက် အခမဲ့ကျောင်းသုံးဖတ်စာအုပ်၊ ဘောပင်၊ ခဲတံ၊ မက်စ်၊ ဖေ့ရှီးတွေကိုလည်း ကလေးတိုင်း သတ်မှတ်အရေအတွက်အတိုင်း အခမဲ့ပေးပါတယ်။ ကျောင်းမဖွင့်ခင် လုပ်စရာကတော့ ဆရာမတွေကိုလည်း အတန်းပိုင် ဆရာမ၊ အတန်းမှူး ခွဲဝေပြီး အချိန်ဇယား သစ်ရိုးသစ် ဆိုရင် မူလတန်း အောက်ဆိုရင် KG ကနေ Grade III အထိ စာသင်ချိန် ခုနစ်ချိန်နဲ့ တစ်ချိန်ကို ၃၅ မိနစ် အချိန်ဇယား ဆွဲထားပါတယ်။ မူလတန်းအထက်ဆိုရင် စာသင်ချိန် ခုနစ်ချိန်နဲ့တစ်ချိန်ကို မိနစ် ၄၀ ဆွဲထားပါတယ်။ အလယ်တန်းကနေ အထက်တန်းကို တစ်ချိန်ကို ၄၅ မိနစ်နဲ့ တစ်နေ့ ရှစ်ကြိမ်သင်ကြားပေးမှာ ဖြစ်ပါတယ်။ လက်ခံထားတာကတော့ အသက် ၅ နှစ် ပြည့်သူတိုင်း KG ဆိုတဲ့သူငယ်တန်းကို တက်ရောက်ခွင့်ရှိတယ်။ အသက် ၆ နှစ်ပြည့်သူ တိုင်း Grade I ကို တက်ခွင့်ရှိတယ်။ မနှစ်က အကြောင်းအမျိုးမျိုးကြောင့် အခုနှစ်မှာ လာရောက် တက်နိုင်ပါတယ်။ တက်ရောက်ပြီး ၂၀၁၉-၂၀၂၀ မှာ Grade III အောင်မြင်ထားရင် ဒီနှစ် ပညာသင်နှစ်မှာ Grade IV ကို တက်ရောက်နိုင်ပါတယ်။ ကျောင်းအပ်နှံရေးသီတင်းပတ်မှာ မိဘတွေရော၊ ကျောင်းသား ကျောင်းသူတွေရော ကျောင်းအပ်နှံကြပါလို့ ပြောချင်ပါတယ်”ဟု (အထက-၂) စမ်းချောင်း ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ စန္ဒာမြငြိမ်းက ပြောသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း ၄ ကျောင်း အပါအဝင် အခြေခံပညာကျောင်း ၂၇၅၈ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၂၃၀ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၇၃ ကျောင်း ရှိခဲ့ကြောင်း သိရသည်။


သတင်းအဖွဲ့

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)