မြောက်ဥက္ကလာပမြို့နယ် မြရတနာလမ်းထိပ် ပလပ်မြေကို တိုင်းရင်းဆေးကောင်စီက ဂရန်လျှောက်ထားရယူပြီး ဆိုင်ခန်းများကို ဖယ်ရှားရန်ကြိုးပမ်းနေဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ် မြရတနာလမ်းထိပ် ပလပ်မြေကို တိုင်းရင်းဆေးကောင်စီက ဂရန်လျှောက်ထားရယူပြီး ဆိုင်ခန်းများကို ဖယ်ရှားရန်ကြိုးပမ်းနေဟုဆို





MNP ၊ မေ ၂၃

မြောက်ဥက္ကလာပမြို့နယ်၊ မြရတနာလမ်းထိပ်ရှိ ပလပ်မြေကို တိုင်းရင်းဆေးကောင်စီက ဂရန်လျှောက်ထားရယူပြီး ဆိုင်ခန်းများကို ဖယ်ရှားပေးရန် စာပို့နေကြောင်း ဆိုင်ခန်းများထံမှ သိရသည်။

အဆိုပါမြေနေရာမှာ တိုင်းရင်းဆေးကောင်စီကို နိုင်ငံတော်က ချထားပေးသည့် မြေနေရာမဟုတ်ဘဲ တိုင်းရင်းဆေးကောင်စီအတွက် မြေနေရာကို မေဒါဝီဆေးရုံးအနီးတွင် ချထားပေးထားသည်ကို သိရှိရကြောင်း၊ အချင်းဖြစ်မြေနေရာသည် ပလပ်မြေနေရာသာဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးအဖွဲ့က ပလပ်မြေပေါ်တွင် ၎င်းတို့၏ ရုံးကို တည်ဆောက်ခဲ့ပြီး ဘေးလွတ်လပ်လျက်ရှိသော မြေနေရာများကိုလည်း ဆိုင်ခန်းများ ဆောက်လုပ်စေခဲ့ပြီး ဆိုင်ခန်းခများ ကောက်ယူခဲ့ကြောင်း၊ ယခုအခါ ဆိုင်ခန်းများကို ဖယ်ရှားရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ခန်းတွင် နေထိုင်၍ ရောင်းဝယ်စားသောက်လာသည်မှာ နှစ်ပေါင်း ၂၇ နှစ် ကြာပြီဖြစ်သော အသက် ၈၂အရွယ် အဘ ဦးဝင်းအောင် က "ဒီပလပ်မြေပေါ်မှာ သူတို့က ဆိုင်ခန်းဆောက်ခိုင်းတယ်။ ပြီးတော့ သူတို့က လစာယူတယ်။ လစာ ၂၀၀၀ က စယူခဲ့တယ်။ နောက်ကြတော့ သူတို့လည်း မပိုင်ဘူးဆိုတာကို သိတယ်။ သူတို့က ဂရန်လျှောက်ပြီး ရယူဖို့ ကြိုးစားနေတာကို သိရတယ်။ တိုင်းရင်းဆေးကပဲ လုပ်နေတာ။ တိုင်းရင်းဆေးအတွက် ချပေးထားတဲ့ မြေနေရာက ဒီနေရာမဟုတ်ဘူး။ ဆေးရုံနားမှာပါ။" ဟု ပြောသည်။

အဘ ဦးဝင်းအောင်က "အဘတို့မှာ ဖယ်ရှားပေးစရာ နေရာလည်း မရှိဘူး။ သူတို့ လုပ်နေတာတွေကလည်း မမှန်ကန်ဘူး" ဟု ပြောသည်။

ယခုအခါ ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပု်ဒမ(၃) အရ နို့တစ်စာ ဟု အခွင့်ရ အာဏာပိုင် ဦးတင့်လွင် ဆိုသူ က လက်မှတ်ရေးထိုး၍ ဦးစိုးတင့်နှင့် လက်ရှိနေထိုင်သူအားလုံး ထွက်ခွါရန် စာပို့လာခြင်းဖြစ်ကြောင်း သိရသည်။


မြောက်ဥက္ကလာပမြို့နယ်၊ တိုင်းရင်းဆေးကုဌာန မှာ ၁၉၈၀ ခုနှစ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပါတီကောင်စီ၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော တိုင်းရင်းဆေးခန်းဖြစ်ကြောင်း၊ တိုင်းရင်းဆေးခန်းဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းပြီး အိုးအိမ်မြေယာဦးစီးဌာနသို့ မြေကွက်လျှောက်ထားရာ မြေစာရင်းဦးစီးမှူး ဦးသာဒင်မှ (ဆ)ရပ်ကွက်၊ မေဓါဝီလမ်း၊ ကရဝိတ်ရပ်ကွက်ဘေးနှင့် ဆေးရုံဘေးဒေါင့်ရှိမြေကို တရားဝင်ချထားပေးခဲ့ကြောင်း၊ သတ်မှတ်ချထားပေးခဲ့သော မြေကွက်ကို မကြိုက်သဖြင့် ပါတီကောင်စီ၏ သဘောထားလမ်းညွှန်မှုကို တောင်းဆိုပြီး ခေမာသီလမ်းနှင့် မြရတနာလမ်းဘေးရှိ မြေကွက်လပ် (ယခုအချင်းဖြစ်မြေ) တွင် တိုင်းရင်းဆေးခန်းကို တည်ဆောက်ပြီး (၁၉၈၃)ခုနှစ်တွင် တိုင်းရင်းဆေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ တိုင်းရင်းဆေးခန်း တည်ဆောက်ခဲ့ခြင်းမှာ အိုးအိမ်ဌာနမှ တရားဝင်ချထားပေးခဲ့သည့် နေရာမဟုတ်ကြောင်း အချင်းဖြစ်မြေနေရာနှင့် ပတ်သက်၍ တိုင်းရင်းဆေးခန်းဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည့် ဦးစိုးတင့်က သက်ဆိုင်ရာဌာနများသို့ တင်ပြခဲ့သည့်မှတ်တမ်းများကို တွေ့ရသည်။

ဦးစိုးတင့်သည် ဆိုင်ခန်းများ ဆောက်လုပ်ရာတွင် တာဝန်ခံဆောက်လုပ်ခဲ့ရပြီး အဆိုပါမြေနေရာနှင့် ပတ်သက်၍ တရားဝင်ပိုင်ဆိုင်မှု မရှိသဖြင့် ၁၉၉၇ မှစ၍ ဂရန်လျှောက်ထားရယူရန် ကြိုးပမ်းခဲ့ကြောင်း၊ ၎င်းတို့ပိုင်ဆိုင်မှုမရှိဘဲ ဆိုင်ခန်းများဆောက်လုပ်၍ ၁၉၉၇ ခုနှစ်မှစတင်ကာ ဆိုင်ခန်းခများ တောင်းယူခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးတင့်ကိုယ်တိုင် က ၂၀၀၉ ခုနှစ်က တစ်ကြိမ် ဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းရန် တိုင်းရင်းဆေးအဖွဲ့မှ လုပ်ဆောင်လာသဖြင့် တာဝန်ရှိသူများကို တင်ပြခဲ့သည်။

ယခုအခါ တိုင်းရင်းဆေးခန်းဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် ဦးစိုးတင့်ကို လိမ့်မူ၍ နေထိုင်သူအားလုံးကို ဖယ်ရှားရန် အခွင့်ရအာဏာပိုင်  ဦးတင့်လွင် ဆိုသူ က နို့တစ်စာထုတ်လာခြင်းဖြစ်သည့်အပေါ် ဆိုင်ခန်းများတွင် နေထိုင်သူများအနေဖြင့် ကာလရှည်ကြာ ၎င်းတို့မြေမဟုတ်ဘဲ ဆိုင်ခန်းခများကောက်ယူခဲ့ခြင်း၊ ခက်ခဲကြပ်တည်းသည့် ကာလတွင် ပိုမို၍ အခက်အခဲကြုံတွေ့စေရန် လုပ်ဆောင်လာသည့်အပေါ် တာဝန်ရှိသူများ ညှိနှိုင်းဖြေရှင်းပေးနိုင်ရေး တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြေနေရာနှင့် ပတ်သက်၍ ဆိုင်ခန်းများကို တိုင်းရင်းဆေးဝါးက အကြိမ်ကြိမ်ဖယ်ရှားရန် လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်က တိုင်းရင်းဆေးအတွက် သတ်မှတ်ချထားပေးသည့်နေရာတွင် ရုံးဆောက်လုပ်ခြင်းမရှိဘဲ အချင်းဖြစ်မြေနေရာကိုသာ အစဉ်တစိုက် ရယူရန် ကြိုးပမ်းနေကြောင်း၊ ဆိုင်ခန်းဖွင့်လှစ် ရောင်းချနေသူများကလည်း သက်ဆိုင်ရာသို့ တင်ပြတိုင်တန်းမှုများ ရှိခဲ့ကြောင်း သိရသည်။

ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေသူတစ်ဦးက "ဒီဆိုင်ခန်းတွေကို တခါက အစည်းအဝေးတက်ရောက်ကြောင်း လက်မှတ်ထိုးပါဆိုလို့ လက်မှတ်တွေ ထိုးပေးလိုက်ရတာ ရှိတယ်။ အဲဒီ လက်မှတ်တွေကို သူတို့ အသုံးပြုချင်သလို အသုံးပြုပြီးတော့ ဂရန်လျှောက်ထားရယူသွားသလားလို့ စဉ်းစားမိတယ်။ အဲဒီတုန်းက လက်မှတ်ထိုးတာကတော့ အစည်းအဝေးတက်ရောက်ကြောင်းအတွက် ထိုးတာပဲ။ လက်မှတ်မထိုးတဲ့သူ တစ်ဦးပဲရှိတယ်။" ဟု ပြောသည်။


အဆိုပါ ၁၉၅၅ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ (၃)အရ ထုတ်ဆင့်သော အခွင့်ရအာဏာပိုင်၏ နို့တစ်စာကြောင့် နစ်နာသူမည်သူမဆို ဤအက်ဥပဒေပုဒ်မ ၅(၁)အရ နို့တစ်စာ ရသည့်နေ့မှ (၁၀)ရက် အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးထားသည့် အယူခံအဖွဲ့ထံ အယူခံဝင်နိုင်ကြောင်း ဖော်ပြပါရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)