မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ




MNP - မေ   ၁၉


မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မိတ္ထီလာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မိတ္ထီလာစီးပွားရေးတက္ကသိုလ်အထူးပြုဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူးများ)က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်သပြီး သင်ကြားမည့်သင်ခန်းစာများအကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းရေးဌာနမှ ဌာနမှူးဒေါ်အေးအေးသန့်က သင်တန်းရေးရာနှင့် စာမေးပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်များ၏  King နှင့် Queen ရွေးချယ်ခဲ့ရာ ရွေးချယ်ခံခဲ့ရသည့်  King နှင့် Queen တို့ကို ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာမော်မော်ခင်တို့က စလွယ်နှင့် သရဖူများ ချီးမြင့်ခဲ့ရာ  မောင်မယ်သစ်လွင်များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြ သည်။


အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊  ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်အနေဖြင့် စတင်ဝင်လာသည့်ကျောင်းသားကျောင်းသူများအား နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြခြင်းဖြစ်ပါကြောင်း၊ အေးချမ်းစွာဖြင့် အဆင်ပြေပြေနဲ့ သက်ဆိုင်ရာ ဘာသာရပ်များကို ပညာသင်ကြားသင်ယူနိုင်ရေး မောင်မယ်သစ်လွင်များကို ကျောင်းအတွင်းမှာရှိတဲ့ အဆောင်များမှာထားရှိပြီး နေထိုင်စားသောက်နိုင်ရေး ကြိုတင်စီစဉ်ထားပြီဖြစ်ပါကြောင်း၊ ယခုနှစ် ကျင်းပသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို  ယခင်နှစ်များကဲ့သို့ စည်စည်ကားကားဖြင့် ကျင်းပနိုင်ရေး ဆောင်ရွက် ထားရှိခြင်းဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ ပညာသင်ကြား နေတဲ့ ကျောင်းသားကျောင်းသူတွေဟာ တက်ရောက်မှု ရာခိုင်နှုန်း ၇၀ ကျော်ရှိကြောင်း၊ ဆရာဆရာမများ အနေဖြင့်လည်း ကျောင်းစတင်ဖွင့်လှစ်သည့် မေလ ၁၂ ရက်နေ့မှ စတင်၍ သင်ခန်းစာများကို သင်ကြားပို့ချပေးလျက်ရှိပါကြောင်း ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်က ပြောကြားခဲ့သည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)