“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ ” ကျောင်းအပ်နှံ ရေးသီတင်းပတ် မြေစိုက်ပိုစတာ မြိတ်မြို့တွင် စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ ” ကျောင်းအပ်နှံ ရေးသီတင်းပတ် မြေစိုက်ပိုစတာ မြိတ်မြို့တွင် စိုက်ထူ




MNP - မေ   ၁၉


၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ကျောင်း‌နေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရန်နှင့်အခြေခံ ပညာသင်ယူခွင့်ရရှိစေရန်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မေလ(၁၉)ရက် နံနက်ပိုင်းက မြိတ်မြို့ရှိ ခရိုင်ပညာရေးမှူးရုံးနှင့် မြို့ နယ်ပညာရေးမှူးရုံးတို့က ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြသည်။


 “ကျောင်းအပ်နှံတဲ့နေရာမှာ (၅)နှစ်ပြည့်တဲ့ ကလေးတိုင်း KG တန်းကို အပ်နှံရမယ်။ (၆)နှစ် ပြည့်တဲ့ ကလေးတွေကို Grade(1)ကိုအပ်နှံရလို့ရပါတယ်။ ပညာရေးဝန်ကြီးဌာနက အခြေခံ ပညာကျောင်းတွေ ယခုနှစ်ပညာသင်နှစ်မှာ ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်(၁)ဒါဇင်၊ စာရေး ကိရိယာနဲ့ သင်ထောက်ကူပစ္စည်းများကို ကျောင်းတွေအားလုံး ဖြန့်ဝေထားပြီးဖြစ်တဲ့အတွက် ကျောင်းလာအပ်တဲ့အခါကျရင် အတန်းလိုက်ပေးအပ်သွားမှာ ဖြစ်တယ်။ ကျောင်းအပ်နှံရေး သီတင်းပတ်မှာ ကျောင်းအပ်နှံဆောင်ရွက်ဖို့ ဆော်ဩထားပြီး ဇွန်လ(၂)ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပုံမှန်ကျောင်းတက်ချိန်အတိုင်း ကျောင်းအားလုံးဖွင့်လှစ်သင်ကြားမှာဖြစ်ပါတယ်”ဟု ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းကပြော သည်။


“ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ ” ဆောင်ပုဒ်နဲ့ မေလ(၂၆) ရက်မှဇွန်လ(၁)ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာကို ပညာရေးမှူးရုံးများတွင် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာများကို စိုက်ထူကြရာ မြိတ်ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၌ စိုက်ထူခဲ့ကြသည်။ ထို့အတူ ကျောင်းအသီးသီး၌လည်း မိဘ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်မီ ကျောင်း အပ်နှံရေးမြေစိုက်ပိုစတာများ၊ ကျောင်းအုပ်၊ ဆရာ/ ဆရာမများ သိရှိလိုက်နာရမည့် အချက်များ၊ မိဘအုပ်ထိန်းသူပြည်သူများသို့ မေတ္တာရပ်ခံချက်များ၊ ကျောင်းအပ်နှံရေး သီတင်း ပတ်နှိုးဆော်စာများကို ဆက်လက်စိုက်ထူကြမည်ဖြစ်ကြောင်း သိရသည်။


“ယခုပညာသင်နှစ်မှာ ကျောင်းသူ/သားအားလုံး ကျောင်းရောက်ရှိ ပညာသင်ကြားစေဖို့ ကျောင်းတွေဖွင့်တဲ့အခါ စိတ်အေးချမ်းသာစွာ ကျောင်းတက်ရောက်နိုင်ဖို့ အတွက် မိမိယခင် တက်ရောက်ခဲ့တဲ့ကျောင်းတွေမှာ ကျောင်းအပ်နှံရေးသီတင်းတွင် ကျောင်းအပ်နှံကြပြီးတော့ ပုံမှန်အတိုင်းတက်ရောက်ကြစေချင်ပါတယ်။ အတန်းအားလုံး KG မှ Grade(11)အထိ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နဲ့ စာရေးကိရိယာ၊ နှာခေါင်းစည်း၊ မျက်နှာကာတွေကို ကျောင်းအပ်တဲ့ အခါမှာ အခမဲ့ဖြန့်ဝေပေးသွားမှာဖြစ်ပြီး မူလတန်းကျောင်းသား/သူတွေကို ကျောင်းဝတ်စုံတစ်စုံစီ အခမဲ့ဖြန့်ဝေပေးမှာပါတယ်”ဟု  ခရိုင်ပညာရေးမှူးက ဖြည့်စွက် ပြောကြားသည်။


မြိတ်ခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက်ကျောင်းအသီးသီးတွင် ကြိုတင်ပြင် ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း အထက်တန်းကျောင်း(၇၃)ကျောင်း၊ အလယ်တန်းကျောင်း(၂၁၄)ကျောင်း၊ မူလတန်းကျောင်း(၅၄၅) ကျောင်းရှိကြောင်း၊ ထို့အတူဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂၀)ကျောင်းနှင့် ပုဂ္ဂလိကကျောင်း(၃)ကျောင်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)