ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်းစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်းစိုက်ပျိုး

 


           



MNP - မေ   ၂၁

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ‌တော်ကို ယနေ့နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း မိုးလုံလေလုံအားကစားခန်းမနှင့် ဖူဆယ်ဘောလုံးကွင်းဘေးကွင်းပြင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။

မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြစ်ကြီးနားတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ၊ အရပ်ဖက်လူမှုပရဟိတအသင်း အဖွဲ့များစုပေါင်း၍ သတ်မှတ်နေရာအသီးသီး၌ ယမနေ၊ သစ်အယ်၊ ပျဉ်းကတိုး၊ တမလန်း၊ မျောက်လုပ်၊ သစ်တို၊ ခလောင်၊ ငါးပေါက်၊ ချယ်ရီအစရှိသည့် အရိပ်ရသစ်ပင်ကြီးမျိုး (၄၀၀) ကျော်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မေ ၂၀ ရက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ နယ်မြေခံတပ်အားကစားကွင်း၌ကျင်းပခဲ့သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်းနောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးထံ တိုင်းစစ်ဌာနချုပ်အတွက် အားကစားအထောက်အကူပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မိသားစုဝင်များနှင့်အတူ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနား တပ်နယ် (က) အသင်းနှင့် မြစ်ကြီးနားတပ်နယ် (ဆ) အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြရာ မြစ်ကြီးနားတပ်နယ် (က) အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် တပ်မတော်အရာရှိကြီးများက တတိယဆုရအသင်း၊ ဒုတိယဆုနှင့် ပထမဆုရအသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ဒုတိယတိုင်းမှူးက ပြိုင်ပွဲတစ်လျှောက်နေရာအလိုက် အကောင်းဆုံးကစားသမားများအတွက် ဂုဏ်ပြုဆုတံဆိပ်များနှင့် တိုင်းမှူးက ပထမဆုရ မြစ်ကြီးနားတပ်နယ် (က) အသင်းအတွက် ဒိုင်းဆုကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)