MNP - မေ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးထူးချွန်ကျောင်း(စံပြကျောင်း) ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအဟောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မောင်က ကျန်းမာရေးထူးချွန်ကျောင်း(စံပြကျောင်း) ဆုပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်းကြားရေးမှူး ဒေါက်တာအဲမွန်ထွန်းက အခြေခံပညာကျောင်းများ ကျောင်းကျန်းမာရေး (စံပြကျောင်း) အဖြစ် ဆုပေးနိုင်ရန် မြို့နယ်ပညာရေးဌာန၊ ကျောင်းကျန်းမာရေးကော်မတီနှင့်တာဝန်ရှိသူများက ပညာရေးဌာနမှ ရွေးချယ်ပေးထားသော ကျောင်းများအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲမှ ထုတ်ဝေထားသော ကျောင်းကျန်းမာရေးလက်စွဲစာအုပ်တွင် ပါရှိသည့်ရွေးချယ်ရေး ဆန်းစစ်ခြင်းပုံစံအတိုင်း စိစစ်စစ်ဆေးခဲ့ပြီး(စံပြကျောင်း)အဖြစ် ရွေးချယ်ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အလယ်ကျွန်းကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာ(အ.ထ.က-အလယ်ကျွန်း)၊ အနော်ရထာရပ်ကွက် (အ.လ.က-ရွာသစ်) ၊ရှားတောကျေးရွာအုပ်စု၊ ပေါက်ပင်သာကျေးရွာ (အ.မ.က -ပေါက်ပင်သာ) ကျောင်းများ စံပြကျောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည့် သက်ဆိုင်ရာကျောင်းအုပ်ကြီးများအား မြို့နယ်ပညာရေးမှူး ဦးမျိုးဆန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မောင်နှင့်ဒေါက်တာအဲမွန်ထွန်းတို့က ဆုတံဆိပ်နှင့်ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း - တင်စိုးလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment