MNP - မေ ၃၁
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောကြီးကျေးရွာအုပ်စု၌ မိုးကြိုးထိမှန်ပြီးသေဆုံးခဲ့ရသည့် ပြည်သူတစ်ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက မိသားစုထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သထုံမြို့နယ်၊ တောကြီးကျေးရွာအုပ်စုရှိ လယ်ကွင်းအတွင်း ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ကန်သင်းရိုးပေါက်နေသည့် မောင်ဖိုးချစ်မှာ မိုးကြိုးထိမှန်သေဆုံးခဲ့ရာ သေဆုံးထောက်ပံ့ငွေ ကျပ်(၃၀၀၀၀၀)အား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူအေးနှင့် တာဝန်ရှိသူတို့က သေဆုံးသူ၏ မိသားစုထံထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ တောကြီးကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ သေဆုံးသူ၏မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ကိုကိုဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment