မာရီယူပိုးလ်ပြီးနောက် ရုရှား-ယူကရိန်းပဋိပက္ခ၏လားရာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရီယူပိုးလ်ပြီးနောက် ရုရှား-ယူကရိန်းပဋိပက္ခ၏လားရာ




မော်စကို၊ မေ ၂၃

မာရီယူပိုးလ် Azovstal သံမဏိစက်ရုံအတွင်း ပိတ်မိနေသော နောက်ဆုံးအသုတ် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ လက်နက်ချပြီးနောက် မာရီယူပိုးလ်မြို့တစ်ခုလုံးကို ရုရှားစစ်တပ်များ အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ မဟာဗျူဟာ အချက်အချာ မာရီယူပိုးလ်၏ ထိန်းချုပ်ခွင့်ကို အပြည့်အဝလက်ကိုင်ထားခြင်းက ရုရှားအတွက် အရေးကြီးသည့် အနက်အဓိပ္ပါယ်ရှိသလို ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသ စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု သုံးသပ်သူအချို့က ယူဆကြသည်။ တစ်ဖက်တွင်လည်း ရုရှား-ယူကရိန်း နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုက ရပ်တန့်နေရာ အမေရိကန်နှင့်၎င်း၏မဟာမိတ်များသည် ယူကရိန်းအပေါ် နိုင်ငံရေးနှင့်စစ်ရေး ထောက်ပံ့ကူညီမှုများ ဆက်လက်တိုးပွါးလျက်ရှိနေပြီး ရုရှား-ယူကရိန်း ပဋိပက္ခ၏ ပြီးဆုံးမည့်အချိန်ကို ခန့်မှန်းရခက်စေကြောင်း ဆိုသည်။


အရေးကြီးသည့် အနက်အဓိပ္ပါယ်

ယူကရိန်းတွင် အထူးစစ်ရေးလှုပ်ရှားမည်ဟု ရုရှားကြေညာပြီးနောက်ပိုင်း မာရီယူပိုးလ်သည် ရုရှားတပ်များ၏ အဓိက ပစ်မှတ် ဖြစ်ခဲ့ပြီး ယင်းဒေသ စိုးမိုးရေးအတွက် ရုရှား-ယူကရိန်း နှစ်ဖက်အကြား နှစ်လကျော်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

မေ ၁၆ ရက်မှစပြီး Azovstal သံမဏိစက်ရုံတွင် ပိတ်မိနေသည့် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင် စုစုပေါင်း ၂၄၃၉ ဦး လက်နက်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ Azovstal သံမဏိစက်ရုံနှင့် မာရီယူပိုးလ်မြို့ကို ရုရှားတပ်များ အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoiguက သမ္မတ ပူတင်ထံ အစီရင်ခံခဲ့သည်။

မာရီယူပိုးလ်သည် ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းဒေသ အဇော့ပင်လယ်ကမ်းစပ်တစ်လျှောက် အရေးကြီးသည့် ဆိပ်ကမ်းမြို့ ဖြစ်သည်။ မာရီယူပိုးလ်ကို သိမ်းပိုက်ခြင်းက ရုရှားတပ်များအတွက် ခရိုင်းမီးယားနှင့်ဒွန်းဘတ်စ်ဒေသကို ချိတ်ဆက်၍ ရုရှားကုန်းမြေသို့ သွားရာလမ်းကြောင်း တည်ဆောက်သည့် သဘောဖြစ်ရာ ၎င်းမှာ ရုရှား၏ နောက်ပိုင်း စစ်ရေးလှုပ်ရှားမှုများအတွက် အကျိုးများစွာရှိစေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ရုရှားအဆင့်မြင့်စီးပွားရေးတက္ကသိုလ်(HSE University) ဥရောပနှင့် နိုင်ငံတကာလေ့လာရေးစင်တာ အကြီးအကဲVassili Kashinက မာရီယူပိုးလ်ထိန်းချုပ်ခွင့်ကို ရရှိခြင်းက ရုရှားစစ်တပ်အတွက် ကြီးမားသော စစ်ရေးတိုးတက်မှုတစ်ခုဖြစ်ကြောင်း ဆိုသည်။ မာရီယူပိုးလ်သည် ယူကရိန်းစစ်တပ်၏ အဓိက ကာကွယ်ရေးစင်တာဖြစ်ရာ ယင်းမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းက ရုရှားတပ်များ အခြားဒေသ၏စစ်ရေးလှုပ်ရှားမှုအတွက် စစ်သည်အင်အားများစွာ ရရှိစေကြောင်း ၊ရုရှားတပ်များက ဒွန်းဘတ်စ်ရှိ အရပ်ဘက်လက်နက်ကိုင်တပ်ဖွဲ့များနှင့်ပေါင်းစည်းကာ ဒွန်းဘတ်စ်ဒေသ အထူးစစ်ရေးလှုပ်ရှားမှုတာဝန်ကို ပြီးမြောက်အောင် အရှိန်မြှင့်ဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆိုသည်။

မာရီယူပိုးလ်သည် ယူကရိန်းစီးပွားရေးအတွက် လေးနက်သည့်အဓိပ္ပါယ်ရှိသည်။ယူကရိန်းနိုင်ငံရေး ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ Bondarenko က မာရီယူပိုးလ်သည် အဓိကဆိပ်ကမ်းရှိသလို အဓိက သတ္တုအရည်ကျိုစက်ရုံများ ရှိကြောင်း ပြောကြားခဲ့သည်။ သတ္တုစပ်လုပ်ငန်းသည် ယူကရိန်း၏ အဓိက နိုင်ငံခြားဝင်ငွေအရင်းအမြစ် ဖြစ်ရာ မာရီယူပိုးလ်ကို ဆုံးရှုံခြင်းက ယူကရိန်းစီးပွားရေးအတွက် ဆိုးဝါးသည့် ထိုးနှက်မှုတစ်ခု ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် မာရီယူပိုးလ်ရှိ “အဇော့တပ်ရင်း”သည် ရုရှားအမြင်တွင် အမျိုးသားရေးဝါဒီလက်နက်ကိုင်များဖြစ်ရာ ယင်းဒေသကို သိမ်းပိုက်ခြင်းက ရုရှားအထူးစစ်ဆင်ရေးတွင် ပါဝင်သည့် “နာဇီအသွင် ရှင်းလင်းရေး”ရည်မှန်းချက်ကို ပြီးမြောက်အောင် ဆောင်ရွက်ရာ၌ အထူးအရေးကြီးသော အနက်အဓိပ္ပါယ်ကို ဖော်ဆောင်ခြင်း ဖြစ်သည်။


ပဋိပက္ခ အဆုံးသတ်နိုင်ရန် ခဲယဉ်း

မာရီယူပိုးလ်မြို့သိမ်းတိုက်ပွဲ ပြီးဆုံးသွားသော်လည်း ရုရှား-ယူကရိန်း ပဋိပက္ခ မည်သည့်အချိန်တွင် အဆုံးသတ်နိုင်မည်ကို ခန့်မှန်းရန် ခဲယဉ်းနေဆဲဖြစ်သည်။ လာမည့် ရက်သတ္တပတ်များတွင် ယူကရိန်းအတွက် ခဲယဉ်းသည့်အကျပ်အတည်းများဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ယူကရိန်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ယူကရိန်းနိုင်ငံပိုင်သတင်းဌာန Ukrinform က ယူကရိန်းအရှေ့ပိုင်းစစ်ရေးအခြေအနေ ပြင်းထန်လာပြီး ဆိုးဝါးသည့်အခြေအနေသို့ ပြောင်းလဲနေကြောင်း၊ လူးဟန့်စ်ခ်ဒေသ အနောက်ပိုင်း Lysychanskနှင့် Sievierodonetskနှစ်နေရာရှိ ယူကရိန်းတပ်များကို ဝန်းရံပိတ်ဆို့ထားဖို့အတွက် ရုရှားတပ်များက စစ်ရေးထိတွေ့မှုရှိသော နေရာများတွင် အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း မေ ၂၀ ရက် တွင် ဖော်ပြခဲ့သည်။

တစ်ဖက်တွင်လည်း မာရီယူပိုးလ်မြို့သိမ်းတိုက်ပွဲ အဆုံးမသတ်မီ ရုရှား-ယူကရိန်း နှစ်နိုင်အကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု ရပ်တန့်နေသည်။ ယူကရိန်းဘက်က လက်တွေ့တွင် ဆွေးနွေးညှိနှိုင်းရေး ဖြစ်စဉ်က နုတ်ထွက်ပြီး ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် ယူကရိန်း သမ္မတရုံး အကြုံပေး Podoljakက ယူကရိန်း-ရုရှား ဆွေးနွေးရေးဖြစ်စဉ် ယာယီရပ်နားလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မော်စကို နိုင်ငံတကာ ဆက်ဆံရေး သုတေသနဌာန အကြီးအကဲသုတေသီ Alexey Tokarevက မာရီယူပိုးလ်ကို လက်လွှတ်ထားနိုင်သည့် ရုရှားတပ်များအနေဖြင့် နောက်ပိုင်းတွင်း ဒွန်းဘတ်စ်ဒေသကို အဓိကအားစိုက်လာနိုင်ကြောင်း ယူဆသည်။ ဆွေးနွေးပွဲသို့ ယူကရိန်းပြန်လာရန် ဖိအားပေးနိုင်မပေးနိုင်နှင့် ရုရှားဘက်က ဆွေးနွေးပွဲတွင် ပို၍ အားသာမှုရရှိနိုင်မည်လားဆိုသည်မှာ ရုရှားစစ်တပ် ဆက်လက်ဆောင်ရွက်မည့် စစ်ရေးလှုပ်ရှားမှု တိုးတက်သည့်အခြေအနေကို ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တစ်ချိန်တည်းတွင်ပင် အမေရိကန်နှင့်၎င်း၏အနောက်နိုင်ငံ မဟာမိတ်များက ယူကရိန်း စစ်ရေးနှင့်စီးပွားရေး ထောက်ပံ့မှုများ ဆက်တိုက်ပို၍ တိုးလာရာ ယူကရိန်းအခြေအနေ မီးလောင်ရာလေပင့် ဖြစ်စေသည်။ ကန်ဒေါ်လာ ဘီလီယံ ၄၀ ယူကရိန်းအကူအညီပေးရေး ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က မေ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သလို အိမ်ဖြူတော်ကလည်း ယူကရိန်းစစ်တပ်ကို ခေတ်မီ သင်္ဘောဖျက်ဒုံးကျည်ပေးပို့ရန် စဉ်းစားနေသည်။ ထို့အပြင် မေ ၂၀ ရက်က ဂျာမနီ၌ ကျင်းပပြီးစီးသော G7 ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးတွင် ယူကရိန်းအားထပ်တိုးကူညီရေး သဘောတူညီမှုရရှိခဲ့ရာ G7အဖွဲ့က ယူကရိန်းသို့ ကန်ဒေါ်လာ ၉.၅ ဘီလီယံ စီးပွားရေး ထပ်ဆောင်းကူညီမှုများ ပေးအပ်မည် ဖြစ်သည်။

ရုရှားအဆင့်မြင့်စီးပွားရေးတက္ကသိုလ်(HSE University) ဥရောပနှင်နိုင်ငံတကာလေ့လာရေးစင်တာ လက်ထောက်ညွှန်ကြားရေးမှူး Dmitry Suslovက အမေရိကန် ဦးဆောင်သည့် နေတိုးအဖွဲ့ ယူကရိန်းသို့ အကူအညီများစွာ ပေးနေခြင်း၊ အကြီးစားလက်နက်များ မပြတ်ပံ့ပိုးနေခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ယူကရိန်းကို ရုရှားနှင့်စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် အချိန်ဆွဲထားရန် ဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် ယခုကာလများအတွင်း နေတိုးကျင်းပနေသည့် “Defenders of Europe-2022” နှင့် “Rapid Response 2022” စစ်ရေးလေ့ကျင့်ခြင်း၊ ဖင်လန်နှင့်ဆွီဒင်ကို နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် စည်းရုံးသိမ်းသွင်းခြင်းသည် ရုရှားနှင့်နေတိုး၏ထိပ်တိုက်ရင်ဆိုင်မှုများ ပို၍ ဆိုးဝါးစေပြီး ဒေသလုံခြုံရေးအန္တရာယ်ကို နောက်တစ်ဆင့် အရှိန်မြင့်တက်စေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


 Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)