Pages

Pages

ဟားခါးပြည်သူ့ဆေးရုံတွင် အောင်မြင်စွာခွဲစိတ်ခဲ့သော သုံးမွှာပူးကလေးများနှင့် ဆေးရုံတက် လူနာများအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများပေးအပ်






MNP  - မေ   ၂၇


ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင် မေလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်က အောင်မြင်စွာခွဲစိတ်ခဲ့သော သုံးမွှာပူးကလေးမိခင်၊ ကလေးများနှင့် ဟားခါးပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာများအား ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် သွားရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများပေးအပ်သည်။


ထိုသို့သွားရောက်ကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဟားခါးတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုကြပြီး သုံးမွှာပူးခွဲစိတ်ပေးခဲ့သော အထူးကုဆရာဝန်ကြီး (ခွဲစိတ်) ဒေါက်တာဇေယျာဦးက သုံးမွှာပူးကလေးများကို မေလ ၂၂ ရက်နေ့ နံနက် ၇ နာရီမှ ၇ နာရီ ၃၅ မိနစ်ထိ ခွဲစိတ်ခြင်းဖြစ်ကြောင်း၊ အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၁)ဦးဖြစ်ပြီး ပထမအမျိုးသမီးမှာ ၄ ပေါင် ၁၂ အောင်စ၊ ဒုတိယ အမျိုးသမီးမှာ ၄ ပေါင်း ၈ အောင်စနှင့် တတိယမြောက် အမျိုးသားမှာ ၃ ပေါင် ၄ အောင်စ ဖြစ်ကြောင်း၊ ကလေးများ၏မိခင်မှာ ဟားခါးမြို့ ကျောဘုတ်ရပ်ကွက်နေ ဒေါ်ဒါထက်သင်းမွှေး (၂၇)နှစ်ဖြစ်ကြောင်းနှင့် မိခင်နှင့်ကလေးများအား ကျန်းမာလျက်ရှိကြောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဟားခါးပြည်သူဆေးရုံရှိ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူနေသော လူနာများအား ကြည့်ရှုအားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တစ်ဦးချင်း ထောက်ပံ့ငွေများ ပေးအပ်ကြကာ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြည်သူ့ဆေးရုံရှိ ဆရာဝန်၊ ဆရာမများ၏ စေတနာထား၍ နေ့ညမပြတ် ကုသပေးမှုများကြောင့် ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြ ကုသမှုခံယူလျက်ရှိသော လူနာများ ယခင်ထက် များပြားလျက်ရှိကြောင်းနှင့် နေ့စဉ် ပြင်ပလူနာဦးရေမှာ ၈၀ မှ ၁၀၀ ဦးကြား ရှိနေပြီး၊ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူနေသော လူနာဦးရေမှာ နေ့စဉ်ပုံမှန် ၆၀ ဦးနှင့်အထက်ရှိကြောင်း ဟားခါးပြည်သူ့ဆေးရုံအုပ် ဒေါက်တာမောင်မောင်ဝင်းက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအား ချီးကျူးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ချင်းပြည်နယ်အတွင်း အသက် (၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိသော အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းပြင်ပ အသက် (၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ ကလေးသူငယ်များအား ကျောင်းအခြေပြု ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီမံချက် အတည်ပြုခြင်း အစည်းအဝေးသို့ တက်ရောက်ရာ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် အသက် (၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိသော အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းပြင်ပ အသက် (၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ ကလေးသူငယ်များအား ကျောင်းအခြေပြု ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ရေးဆွဲထားသည့် စီမံချက်ကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လိုအပ်သည်များ အကြုံပြုဖြည့်စွက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးကာ စီမံချက်များအတည်ပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment