အကြမ်းဖက်သမားတွေကို ဘယ်လိုထိန်းသိမ်းမလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်သမားတွေကို ဘယ်လိုထိန်းသိမ်းမလဲ


စာသင်ကျောင်းတွေ ပြန်ဖွင့်ပြီ။ ကျောင်းအပ်လက်ခံတဲ့ ပထမဆုံးရက်မှာပဲ ကျောင်းသားမိဘတွေ တိုးကြိတ်ပြီး ကျောင်းအပ်ကြတာကို မြင်တွေ့ရပါတယ်။ ကျောင်းသားမိဘတွေအနေနဲ့ မိမိတို့ ရင်သွေးငယ်တွေကို ပညာရေး ထပ်ပြီး နောက်ကျမခံနိုင်တော့ဘူး။ လေလှိုင်းပေါ်ကနေ ၇ ရက်အတွင်း နိုင်တော့မှာ၊ တစ်လ နေရင် နိုင်တော့မှာ၊ NUG က ကျောင်းတွေဖွင့်တော့မှာ လို့ ပြောနေတာတွေဟာ ယုတ္တိမရှိတဲ့ စကားတွေဆိုတာကို သိမြင်လာကြပါပြီ။ သို့ပေသော် နီပိန်း၊ နီပိတ်တချို့ကတော့ ကျောင်းမထားချင်တာ ရှိကောင်း ရှိနေနိုင်ပါသေးတယ်။ ငါတို့ ထောက်ခံတဲ့ အကြမ်းဖက်အဖွဲ့အစည်းအပေါ်မှာ သစ္စာထားရမယ်ဆိုတဲ့ လူမျိုးတွေပေါ့။ ဒီလို အမာခံအုပ်စုကလည်း အတိုင်းအတာတစ်ခုအထိတော့ ရှိနေမှာပါ။

ကျောင်းတွေ ပြန်ဖွင့်တော့မယ်အချိန်မှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကလည်း ရှိနေသေးတယ်ဆိုတော့ အလေးထားစဉ်းစားရမယ့် ကိစ္စဟာ ကျောင်းသူ၊ ကျောင်းသားများ နှင့် ဆရာ၊ ဆရာမများ အကြမ်းဖက်အန္တရာယ်မှ ကင်းရှင်းရေးကို အလေးထားစဉ်းစားလာကြတာ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကတော့ အကြမ်းဖက်အဖွဲ့အစည်းများ ထူထောင်ထားတဲ့ ပါတီကို လုံးဝ အားပေးထောက်ခံခြင်းမရှိတဲ့ အတွက် အကြမ်းဖက်အဖွဲ့အစည်းတွေကိုလည်း လုံးဝ (လုံးဝ) အားမပေးပါဘူး။ အကြမ်းဖက်လုပ်ရပ်တွေကို တော်လှန်ရေးလို့ ပြောနေတာဟာလည်း ယုတ္တိမတန်ပါဘူး။ တော်လှန်ရေးသည် တော်လှန်ရေးပုံစံ ရှိပါတယ်။ ယခု NLD အစွန်းရောက်များ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အစရှိသော အကြမ်းဖက်သမားများရဲ့ လုပ်ရပ်များသည် တော်လှန်ရေးအသွင်မဆောင်တဲ့ အကြမ်းဖက်မှုတွေသာ ဖြစ်နေပါတယ်။ တော်လှန်ရေးမှာ တော်လှန်ရေးစည်းကမ်းရှိပါတယ်။ အကြမ်းဖက်သမားမှာ ဘာစည်းကမ်းမှ မရှိပါဘူး။ တော်လှန်ရေးသမားဟာ အပြစ်မဲ့ပြည်သူကို မသတ်ရပါဘူး။ ပညာရေး၊ ကျန်းမာရေး ကို မနှောက်ယှက်ရပါဘူး။ 

ဒီရက်ပိုင်းအတွင်းမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဦးအောင်မင်း က "နောင်တော်လေး  ရေ၊ ရန်ကုန်မြို့က ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ အိမ်တိုင်ရာရောက် သုတ်သင်ခံနေရတဲ့ကိစ္စက သေသေခြာခြာစဉ်းစားရင် ရပ်ရွာခံ NLD ပါတီဝင်တွေရဲ့ လက်ထောက်ချမှုကြောင့်ဆိုတာကို အထင်းသားမြင်နိုင်ပါတယ်၊ အနီးကပ်စောင့်ကြည့် သတင်းပေးတာမရှိရင် P.D.F တွေအနေနဲ့ အဲဒီ ရာဇဝတ်မှုတွေကို လွယ်လင့်တကူကျူးလွန်ဖို့ မဖြစ်နိုင်တာကလည်းထင်ရှားပါတယ်။ နောင်တော်လေး ရေ NLD ပါတီကို တရားဝင်ပါတီအဖြစ်ကနေရပ်ဆဲရုံနဲ့ အကြမ်းဖက်မှုတွေ ပပျောက်သွားလိမ့်မယ်လို့ထင်ပါသလား၊ မတရားအသင်းကြေညာပြီး မြေပေါ် မြေအောက်က NLD မှန်သမျှကို ဖေါ်ထုတ်ရှင်းလင်းမှသာ အကြမ်းဖက်မှုတွေ ပပျောက်မှာလား စတဲ့မေးခွန်းတွေရဲ့ အဖြေဟာအခုအချိန်မှာအရေးပါ လာပါပြီ။ ဥပဒေအရ အသာစီးမရရှိပဲ အကြမ်းဖက်မှုတွေကို အချိန်နဲ့တပြေးညီ ဥပဒေနှင့်အညီ ဖြေရှင်းဖို့ဆိုတာ လက်တွေ့မြေပြင်မှာခက်ခဲနေလို့ ဒီ စာစုကိုရေးတင်ပါတယ်။ (အခြေခံပညာကျောင်းတွေမဖွင့်ခင်အမှတ်တရ)" လို့ ရေးသားထားပါတယ်။

ဦးအောင်မင်းရဲ့ ရေးသားဖော်ပြချက်ထဲမှာ ရပ်ရွာခံ NLD ပါတီဝင်တွေရဲ့ လက်ထောက်ချမှုကို ထောက်ပြပြောဆိုထားပါတယ်။ ကျွန်တော်ကလည်း အဲဒီလိုပဲ စဉ်းစားမိပါတယ်။ ကျွန်တော်တို့တွေဟာ အကြမ်းဖက်မှုတွေကို မလိုလားသူများဖြစ်လို့ အကြမ်းဖက်နှိမ်နင်းရေးကို ဘယ်လိုဘယ်ပုံ ဆောင်ရွက်သင့်သလဲ ကိုယ့်ဉာဏ်မီသလောက် စဉ်းစားပြီး ရေးသားတင်ပြကြပါတယ်။ သို့ပေသော် ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေကို ဘယ်သူက တွေ့လို့ ဘယ်သူက စဉ်းစားဆောင်ရွက်ပေးမှာလဲ ဆိုတာတော့ မသေချာပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီးလို နေရာမျိုးမှာ နေရမယ်ဆိုရင်တော့ ကိုယ်တိုင် ပြည်သူ့စစ်ထဲဝင်ပြီး ကိုယ့်ရပ်ကိုယ့်ရွာ လုံခြုံရေး အသက်ပေး ကာကွယ်ရမယ်လိုလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဝင်ရောက်ဆောင်ရွက်လို့ ရပါတယ်။

နစက က တာဝန်ပေးလိုက်တဲ့ နယ်မြေဒေသအလိုက် တာဝန်ထမ်းဆောင်နေသူများမှာ အကြမ်းဖက်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်လိုတဲ့ ပြည်သူတွေနဲ့ လက်တွဲဆောင်ရွက်မှု အားနည်းခြင်းတာကိုလည်း မြင်တွေ့ကြမှာဖြစ်ပါတယ်။ အကြောင်းကတော့ ညွှန်ကြားချက်မရှိခြင်းကြောင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုတာလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံတော်အဆင့်ကသာ ညွှန်ကြားချက်ပေးထားမယ်ဆိုရင်တော့ အကြမ်းဖက်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်လိုတဲ့ ပြည်သူတွေနဲ့ လက်တွဲဆောင်ရွက်မှု အားကောင်းလာပြီး အကြမ်းဖက်အန္တရာယ်တွေကို အချိန်နဲ့ တပြေးညီ ကာကွယ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ရန်ကုန်မြို့ပေါ်မှာ NLD အစွန်းရောက် အကြမ်းဖက်သမားတွေ လှုပ်ရှားနေတဲ့ ပုံစံက အုပ်ချုပ်ရေးမှူးရုံးတွေကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်တာကို တွေ့နေရပါတယ်။ မရမ်းကုန်းမြို့နယ်အတွင်းမှာ အုပ်ချုပ်ရေးမှူးရုံးထဲဝင်ပစ်သွားတဲ့ ကိစ္စ၊ မြောက်ဒဂုံ (၄၅) ရပ်ကွက်မှာ အုပ်ကြီးအိမ်ကို ထောက်ခံစာလုပ်ချင်လို့ပါ ဆိုပြီး ဝင်ပစ်သွားတဲ့ကိစ္စ၊ တောင်ဒဂုံမြို့နယ်အတွင်းမှာ သတိလက်လွတ်ဖြစ်သွားတဲ့ အခိုက်အတန့်လေးမှာ ဝင်ပစ်သတ်သွားတဲ့ ကိစ္စတွေရဲ့ ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် ဒီလူတွေရဲ့ လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေတဲ့ နယ်မြေခံ အကြမ်းဖက်အားပေး NLD တွေကြောင့် အခုလို အသေဆိုးနဲ့ သေနေရတာ ဖြစ်သလို အကြမ်းဖက်သမားများသည်လည်း သိပ်ပြီး ဝေးဝေးလံလံက မဟုတ်ဘဲ ရပ်ကွက်ထဲက နီပိန်း အစွန်းရောက်တွေ လက်ထဲမှာ လက်နက်ရှိနေတာ သေချာပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်နှိမ်နင်းရေးအတွက် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့တာ ရှိသလို ဧည့်စာရင်းဥပဒေကိုလည်း ပြန်လည်အသုံးပြုထားပါတယ်။ သို့ပေသော် အကြမ်းဖက်လှုပ်ရှားမှုတွေ များနေတဲ့ ရန်ကုန်မြို့ရဲ့ ဒဂုံမြို့သစ် လေးမြို့နယ်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်မြို့နယ်တွေမှာ ဧည့်စာရင်း စစ်ဆေးခြင်း မရှိသလောက် ဖြစ်နေခြင်းဟာလည်း အကြမ်းဖက်နှိမ်နင်းရေးကို အလေးမထားတဲ့ သဘောသက်ရောက်နေပါတယ်။

စာရေးသူရဲ့ အယူအဆအားဖြင့်တော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်ခြင်းအပေါ်မှာ ဘယ်သူမှလည်း ကန့်ကွက်လို့ မရသလို ကန့်သတ်လို့လည်းမရပါဘူး။ ဧည့်စာရင်းစစ်ဆေးခြင်းကို သမန်ကာလျှံကာမျှ မဟုတ်ဘဲ ရပ်ကွက်တိုင်းရဲ့ လမ်းတိုင်းမှာ ဘယ်အိမ်၊ ဘယ်သူ ကတော့ ဘာအရောင်အသွေးရှိတယ်ဆိုတာကို သိတဲ့ နယ်မြေခံကတော့ ရှိပါတယ်။ အရောင်အသွေးခွဲခြားပြီး စစ်ဆေးရမှာ မဟုတ်ပေမယ့် သတိထားရမယ့် အနီရောင်အဆင့် ရှိသူတွေကိုတော့ ဧည့်စာရင်းစစ်ဆေးရင်းနဲ့ အကြမ်းဖက်အားပေး လုပ်နေတာတွေ ရှိသေးသလား။ အကြမ်းဖက်ဆက်နွယ်သူတွေကို တိတ်တဆိတ် သတင်းပေးဆက်သွယ်မှုတွေ လုပ်ဆောင်နေသလားဆိုတာ ဖုန်းတွေ စစ်ဆေးလိုက်ရင် သိလွယ်တဲ့ အချက်ဖြစ်ပါတယ်။ ဒီလိုမျိုး စေ့စေ့စပ်စပ် ဆောင်ရွက်သင့်တယ်၊ နောက်တစ်ချက်က တခါတည်း အကြမ်းဖက်အားပေး လုပ်နေသေးရင် အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရသူတွေရဲ့ အဖြစ်အပျက်တွေကိုပါ ရှင်းပြပြီး ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း မလုပ်သင့် မလုပ်အပ်တဲ့ လုပ်ရပ်တွေဖြစ်ကြောင်းကို သတိပေးပြောကြားဖို့ သင့်တယ်လို့ ယူဆပါတယ်။ ဒါကတော့ အကြမ်းဖက်နှိမ်နင်းရေးကို ပြင်းပြင်းထန်ထန် မလုပ်လိုဘူး၊ ညွှန်ကြားချက်မရရင် ဘာမှ မလုပ်ဘူးဖြစ်နေတဲ့ အခြေအနေမှာ လုပ်ဆောင်သင့်တဲ့ အချက်တွေကို တင်ပြခြင်းပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာက အလစ်အငိုက် လိုက်လံလုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ပြီးတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းလို နေရာမျိုးမှာကတော့ ရည်ရွယ်ချက်ရှိရှိ လိုက်သတ်နေတဲ့ NLD အစွန်းရောက်တွေရဲ့ လုပ်ရပ်တွေဟော အော့နှလုံးနာစရာ ကောင်းသည်ထက်ကို ကျော်လွန်သွားပါပြီ။ ၂၇-၅-၂၀၂၂ ရက်နေ့ကပဲ ပခုက္ကူမြို့နယ်ထဲမှာ ကျောင်းထိုင်ဘုန်းကြီးကို ဝင်သတ်ပြီး ကျောင်းအတွက် လှူဒါန်းထားတဲ့ ငွေကျပ် သိန်း ၂၀ ကျော်နဲ့ ကားကိုပါ လုယက်ယူဆောင်သွားကြပါတယ်။ တရားဝင် စာရင်းများအရ သံဃာတော် ၄၈ ပါးအထိ လုပ်ကြံသတ်ဖြတ်ခံရပြီး ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင်ဖြင့် NLD အစွန်းရောက် အကြမ်းဖက်သမားတွေဟာ တိုင်းဖျက်ပြည်ဖျက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာဖြစ်တဲ့အတွက် တွေ့တဲ့သူကို သတ်ဖြတ်သွားခြင်းဟာလည်း သူတို့အတွက်တော့ တိုက်ပွဲတစ်ခု၊ အောင်မြင်တစ်ခုလို့ ယူဆနေမှာပဲ။ အသေခံလိုက်ရတဲ့သူမှာတော့ ဒလန်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူတို့ သတ်ပြီးသွားရင် ဒလန်လို့ နာမည်တပ်ပြီး သတင်းလွှင့်လိုက်တော့တာပါပဲ။ အလွန်အမင်း ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်မျိုးတွေကို ကျူးလွန်နေကြတာ ဖြစ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ အကြမ်းဖက်မှုကို ဝိုင်းဝန်းတိုက်ဖျက်လိုတဲ့ ပြည်သူတွေ ပိုပြီး နီးနီးကပ်ကပ် ရှိနေဖို့ လိုအပ်တာတော့ အမှန်ပါပဲ။

အဓိကလိုအပ်ချက်ကတော့ အကြမ်းဖက်နှိနင်းရေးဆောင်ရွက်နေကြသူတွေကို တိကျ ပြတ်သားတဲ့ လမ်းညွှန်ချက်တွေ ပေးထားမှသာ စည်းနဲ့ ကမ်းနဲ့ လုပ်နေရတဲ့ သူတွေမှာ ပိုပြီး လုပ်ပိုင်ခွင့် ရှိပြီး ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား လုပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်လို လမ်းညွှန်ချက်တွေ ရှိထားတယ်ဆိုတာတော့ ကျွန်တော်တို့ မသိနိုင်ပါဘူး။ သို့ပေသော် ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုကတော့ ညွှန်ကြားချက်မရှိဘူးဆိုတဲ့ တုန့်ပြန်မှုတွေကြောင့် အကြမ်းဖက်လှုပ်ရှားသူတွေနဲ့ ပတ်သက်လို့ တိုင်ရမှာလား၊ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေလိုက်ရမှာလား။ တိုင်ပြီး အလုပ် မလုပ်ရင် ဒလန်စာရင်းပေါက်ပြီး အသတ်ခံရမယ့်အတူတူ မတိုင်ဘဲ လက်ပိုက်ကြည့်နေလိုက်တာက အန္တရာယ်ကင်းမယ်ဆိုတဲ့ အသိဝင်လာခြင်းဟာလည်း ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။

သတင်းစာရှင်းလင်းပွဲတွေမှာ ပြန်ကြားရေးဒုဝန်ကြီး ပြောခဲ့တဲ့ ခုခံကာကွယ်ပိုင်ခွင့်နဲ့ ပတ်သက်လို့လည်း ပြင်ဆင်ထားကြဖို့ ကောင်းပါတယ်။ ခုခံကာကွယ်ပိုင်ခွင့် ရှိပေမယ့် ခုခံကာကွယ်စရာ မရှိဘူးဆိုတဲ့ အကြောင်းပြချက်ကလည်း ရှိလာပြန်ပါတယ်။ ဒီအပိုင်းကတော့ ကိုယ့်ဉာဏ်နဲ့ကိုယ် စဉ်းစားပြင်ဆင်ထားကြဖို့ လိုပါလိမ့်မယ်။

အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်ပေမယ့် စစ်ကိုင်းတိုင်းလို ချင်းပြည်နယ်လို အကြမ်းဖက်သမားများ သောင်းကျန်းနေဆဲ နယ်မြေတွေမှာ ကျောင်းဖွင့်ရမယ့် ဆရာ၊ ဆရာမတွေအနေနဲ့တော့ စိုးရိမ်သောက ဖြစ်နေကြမှာ သေချာပါတယ်။ အကြမ်းဖက်မှုတွေ ရှိနေဆဲဖြစ်တဲ့ နေရာတွေမှာ ကျောင်းဖွင့်ဖို့ စီစဉ်တယ်ဆိုရင်လည်း နယ်မြေအခြေအနေ တင်ပြချက်များကို အလေးထားစဉ်းစားပေးကြဖို့ လိုအပ်ပါတယ်။ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများရဲ့ လုံခြုံရေးအတွက် ဘယ်လောက်အထိ ဖိဖိစီးစီး ဆောင်ရွက်ပေးနိုင်ခြေ ရှိမလဲ။ အကြမ်းဖက်သမားများ လာရောက်နှောက်ယှက်ပြီလို့ အသံကြားတာနဲ့တင် မိနစ်ပိုင်းအတွင်း အကူအညီရောက်အောင် စေလွှတ်နိုင်မှ ကျောင်းများဖွင့်လှစ်ခိုင်းလို့ သင့်တော်ပါလိမ့်မယ်။ တာဝန်ထမ်းဆောင်ကြမယ့် ဆရာ/ ဆရာမများအနေနဲ့လည်း ဒီအပေါ်မှာ တွက်ဆကြဖို့ လိုပါတယ်။ အရမ်းကာရော ဖိအားပေးလို့ လုပ်ရတယ်။ အကြမ်းဖက်အန္တရာယ်ကြုံလာရင် အသက်ဆုံးရှုံးရတဲ့ အဖြစ်မျိုးတွေ ဖြစ်ရမယ်။ ဒါမျိုးတော့ အဖြစ်မခံကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။ လုံခြုံရေးလိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်ဘူးဆိုရင် တာဝန်ထမ်းဆောင်ဖို့ ငြင်းဆန်သင့်ရင် ငြင်းဆန်ပါလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ 

အခုလို ဆွေးနွေးတင်ပြရခြင်းကတော့ နစက ရဲ့ တိုင်းပြု ပြည်ပြု ဆောင်ရွက်ချက်တွေဟာ အပြစ်ဆိုဖွယ် မရှိပေမယ့် တိုင်းဖျက်ပြည်ဖျက် လုပ်နေသူတွေဟာ လူငယ်တွေကို အရိုင်းစိတ်သွင်းပြီး ပစ်မှတ်မရွေး တိုက်ခိုက်ခိုင်းနေတာ ဖြစ်တဲ့အတွက် စိုးရိမ်မှု ရေချိန်ကတော့ အမြင့်ဆုံးမှာပဲ ရှိပါသေးတယ်။ လုံခြုံရေးရာ ကိစ္စတွေမှာ ကျွန်တော့်တို့ရဲ့ အမြင်ကို ပြောခြင်းထက် အတွေ့အကြုံရှိသူတွေက ဘယ်လိုအခြေအနေမှာ ဘယ်လိုကိုင်တွယ်ရတယ်ဆိုတာကို စာတွေ့၊ လက်တွေ့ သိရှိနားလည်ထားကြပြီး ဖြစ်ပါတယ်။

အကြမ်းဖက်မှုကို မလိုလားတဲ့ ပြည်သူတွေက မိမိတို့ ရပ်ကွက်ထဲ လမ်းထဲက အကြမ်းဖက်အားပေးတွေရဲ့ လှုပ်ရှားမှုအခြေနေကိုတောင် မလေ့လာပါဘူး။ အကြမ်းဖက်အားပေး NLD နီပိန်းတွေကတော့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ အခြားသော ပါတီအဖွဲ့အစည်းဝင်တွေကိုပါ ပစ်မှတ်ထား စောင့်ကြည့်နေတာမျိုး ဖြစ်တဲ့အတွက် အန္တရာယ်ကျရောက်နိုင်ခြေက အကြမ်းဖက်မှုကို မလိုလားတဲ့ ပြည်သူတွေဘက်မှာပဲ များနေပါတယ်။ 

အကြမ်းဖက်မှုကို မလိုလားတဲ့ ပြည်သူတွေအနေနဲ့က မိမိတို့ ရပ်ကွက်၊ ကျေးရွာအတွင်းက အကြမ်းဖက်အားပေးတွေရဲ့ လှုပ်ရှားမှုတွေကို သတိပြုမိမယ်ဆိုရင် အနည်းဆုံး မိမိတို့ နေအိမ်ကို ကာကွယ်နိုင်မယ်။ ကာကွယ်နိုင်ခြေမရှိဘူးဆိုရင်လည်း ကြိုတင် တိမ်းရှောင်နိုင်မယ်။ ဒီထက်ပိုပြီး သတိပြုနိုင်မယ်ဆိုရင်တော့ မိမိရပ်ကွက်အတွင်း၊ လမ်းထဲမှာ ရှိတဲ့ အကြမ်းဖက်မှုကို မလိုလားတဲ့ ပြည်သူတွေနဲ့ စုပေါင်းကာကွယ်တဲ့ နည်းကို ဆောင်ရွက်နိုင်မယ်။ မိမိတို့ ရပ်ကွက်၊ ကျေးရွာ၊ လမ်းကို ညီညီညွတ်ညွတ်နဲ့ ကာကွယ်နိုင်ဖို့ အခြေခံအကျဆုံးကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူ၊ ရာအိမ်မှူးများဟာ အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံနေတဲ့ ပုဂ္ဂိုလ်တွေမဖြစ်ဖို့ အဓိက လိုအပ်ပါတယ်။ အကြမ်းဖက်အန္တရာယ်ရှိလို့ ရပ်ကွက်အတွင်း လမ်းအတွင်းက တာဝန်သိပြည်သူတွေက ပူးပေါင်းဆောင်ရွက်ရင် ရဲလက်အပ်ပြီး ဒုက္ခပေးမယ့်လူတွေ ရှိမနေမှ အဆင်ပြေပါလိမ့်မယ်။ 

စကားမစပ် Myanmar National Post နဲ့ ပတ်သက်လို့ ဝေဖန်တာလေးတစ်ခု ရှိပါတယ်။ အများပြည်သူကြားကို မထိုးဖောက်နိုင်ဘူးလို့ ဝေဖန်တာပေါ့ဗျာ။ ထိုးဖောက်မရအောင် လုပ်ထားတာကို ကိုယ်တိုင်ကြုံရရင် သိပါလိမ့်မယ်။ ဝေဖန်သူကလည်း တခြားသူတော့ မဟုတ်ပါဘူး။ ကိုယ့်ထဲ ကိုယ့်လူတွေထဲကပါပဲ။ ဝေဖန်သူက "MNP ဘာလဲ၊ ဘယ်လဲ မေးရတော့မယ်တဲ့။ နန်းဝေဝေမြင့်လောက်တောင် လူထုကြားကို မပေါက်ဘူး။ post အောက်က like တွေကို ပြန်ကြည့်" လို့ ဆိုပါတယ်။ အရှည်ကြီး ရှင်းပြရမှာ ဖြစ်လို့ ဘယ်လို ရပ်တည်နေရသလဲဆိုတာ သိသလား လို့ပဲ မေးလိုက်ပါတယ်။ facebook ကနေ အများပြည်သူ သိသင့်၊ ဆင်ခြင်သင့်တာတွေ အများကြီး ရေးခဲ့ပေမယ့် အများကြီး အပျံ့နှံ့အောင် Page တွေ ဖျက်ချတယ်။ အကောင့်ပေါင်း မရေတွက်နိုင်တော့ဘူး။ ဒီလို ကြားထဲကနေ အသစ်၊ အသစ် လုပ်ပြီး ရေးသားတင်ပြနေရတဲ့ အခြေအနေပါ။ 

အဲဒီလို ဝေဖန်ကြတဲ့ အကို၊ အမများက MNP က ရေးသားဖော်ပြချက်တွေကို လေးလေးနက်နက် ဖတ်ပြီးတော့ အများပြည်သူကြား ပိုမိုပျံ့နှံ့အောင် Share လေး တစ်ချက်နှိပ်လိုက်ဖို့၊ post လေးတစ်ခု copy ယူတင်လိုက်ဖို့ စိတ်ကူးမိကြလား။ မတိုက်တွန်းပါဘူး။ လုပ်ကြည့်ရင် သိပါလိမ့်မယ်။ ကူညီပြီး လုပ်ပေးဖို့ကိုလည်း ဘယ်သူ့ကိုမှ မတိုက်တွန်းပါဘူး။ အကိုတို့ အမတို့က ရင်ထဲရှိတာလေးတစ်ခု ကိုယ့်အကောင့်ကနေ ပေါက်ကွဲပြလိုက်ရင် ရပြီ။ Like တွေ Share တွေ ပလူပျံအောင် လိုချင်ရင် လုပ်ရတာ လွယ်ပါတယ်။ အကြမ်းဖက်အားပေး ရေးသားဖော်ပြချက်တွေကို နီပိန်းတွေ အကြိုက်တွေ့ပါတယ်။ Page တွေ၊ Account တွေလည်း အဖျက်မခံရတော့ပါဘူး။ အဲဒီလိုသာ ရေးသားဖော်ပြမယ်ဆိုရင် အကို၊ အမတို့ ကျွန်တော့်ကို ဘယ်လိုဝေဖန်ကြမလဲ။ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဘယ်လိုမှ အစည်းကပ်မှာ မဟုတ်တော့ဘူး။

နောက်တစ်ချက်က Myanmar National Post ဟာ တပ်ကို လော်ဘီလုပ်နေသလား။ ကျွန်တော်တို့က အမျိုးသားရေးစပြီး လှုပ်ရှားပါပြီဆိုကတည်းက အမျိုးသားရေးရည်ရွယ်ချက်တူသူတွေနဲ့ လက်တွဲလုပ်ဆောင်မယ်လို့ ဖွဲ့စည်းပုံမှာပါ ရေးသားထားတာ ဖြစ်ပါတယ်။ အကိုတို့၊ အမတို့ မဲသူခိုးအစိုးရ လက်ထက်မှာ လူမျိုးလိမ်ကို အသက်သွင်းဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့တယ်။ အခု အာဏာလက်မဲ့ ဖြစ်ပြီး အကြမ်းဖက်ဖြစ်သွားတော့လည်း လူမျိုးလိမ်အရေးကို အလေးထားပြီး ဆောင်ရွက်နေဆဲပဲ။ ဒီအန္တရာယ်ကို ပြတ်ပြတ်သားသား ကာကွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်တာကို လော်တယ်လို့ ထင်ရင်လည်း မမှားပါဘူး။ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားခြင်း မရှိဘဲ လော်ဘီလုပ်တာ မဟုတ်ဘူးဆိုတာတော့ ရေးသားဖော်ပြချက်တွေကို ကြည့်ရင် သိပါလိမ့်မယ်။ 

အကိုတို့ အမတို့ ငြိမ်းချမ်းရေး ရစေချင်တယ်မှတ်လား။ ကျွန်တော်လည်း ရစေချင်တယ်။ နစက ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေကို အပြုသဘောရေးသားဖော်ပြတယ်။ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်နှိမ်နင်းရေးမှာ အလေးမထားဘူးလို့ ထင်တယ်။ ကျွန်တော်လည်း အဲဒီကိစ္စကို ရေးခဲ့လို့ ခေါ်ယူသတိပေးခံခဲ့ရတဲ့အထိ ပါပဲ။ ကျွန်တော်ဟာ အမျိုးသားရေးလမ်းကြောင်းပေါ်ကနေတော့ ကိုယ့်ယုံကြည်ချက် ခံယူချက်အတိုင်းပဲ သွားနေပါမယ်။ မီဒီယာတွေကိုလည်း နှိုင်းယှဉ်လေ့လာကြည့်ပါ။ အဖျက်စွမ်းအား ဘယ်လောက်အထိ ကြီးမားတယ်ဆိုတာ မြင်ကြပါလိမ့်မယ်။ တစ်ဦးချင်း တစ်ယောက်ချင်းက အမျိုးသားရေးအမြင်နဲ့ စနစ်တကျ တုန့်ပြန်နိုင်ရင်တော့ အမျိုးသားရေးအန္တရာယ်တွေနဲ့ ပတ်သက်လို့၊ ပြည်သူကို သတင်းမှိုင်းတိုက်နေတာတွေနဲ့ ပတ်သက်လို့ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါလိမ့်မယ်။ ဝိုင်းဝန်းကြိုးပမ်းကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့ ပြည်သူတွေရဲ့ လိုလားချက်နဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ဘယ်တော့မှ ထပ်တူကျဖို့တော့ မဖြစ်နိုင်ပါဘူး။ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်တယ်လို့ အစိုးရက မည်မျှပင် ပြောနေစေကာမူ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ ပြည်သူကို အတိဒုက္ခရောက်အောင် ဖန်တီးတဲ့ ပြဿနာတွေကလည်း ရှိနေတာ အမှန်ပါပဲ။ အကြမ်းဖက်သမားကို မနှိမ်နင်းဘဲ အကြမ်းမဖက်တဲ့ ပြည်သူကို အတိဒုက္ခရောက်အောင် ဖန်တီးမှုမျိုးတွေလည်း ကြုံခဲ့ကြရပြီးပါပြီ။ စာရေးသူအနေနဲ့ကတော့ အပြစ်ပြောခြင်း၊ အပြစ်တင်နေခြင်းထက် မိမိတို့ ဘယ်လိုဆောင်ရွက်နိုင်မလဲ။ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့၊ မိမိပတ်ဝန်းကျင်မှာ အန္တရာယ်မကျရောက်စေဖို့ ဆောင်ရွက်ကြစေချင်ပါတယ်။ ဆောင်ရွက်နိုင်စွမ်း မရှိဘူး။ အကြမ်းဖက်သမားကိုလည်း ကြောက်ရ၊ လုံခြုံရေးတာဝန်ရှိသူများကိုလည်း ဆက်သွယ်ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုရင်တော့ မိမိကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်တိုင်းထွာပြီးတော့ သတိ မလွတ်စေဘဲ အကြမ်းဖက်ဘေးအန္တရာယ် မကျရောက်ရေးကိုသာ အလေးထား ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ရပါကြောင်း -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)