MNP - မေ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယမန်နေ့နံနက်က ညောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ၌ အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက် စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မား လာစေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်စည်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ကော်မတီကိုဌာန(၁၅)ခုနှင့် သဲကုန်း၊ ပုတီးကုန်း၊ အင်းမ၊ ဆင်မြီးဆွဲမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာများဖြင့် ဖွဲ့စည်းပြီး တစ်လလျှင်(၁၀)ရွာသို့ သွားရောက်ဆွေးနွေးလျက်ရှိရာ မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့် လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အမျိုးသား မှတ်ပုံတင်ဥပဒေ အသိပညာပေးခြင်း၊ ဒေသအတွင်း ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)အမည် ပြောင်းလဲလျှောက်ထားခြင်း၊ ကြက်မွေးမြူရေး၊ နွားမွေးမြူရေး၊ နွားမေထုံမဲ့သားဆက်ခြင်း စက်မှုလယ်ယာလုပ်ငန်းစဉ်များအား အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ သမဝါယမအသင်းသစ်များ ဖွဲ့စည်းနိုင်ရေး၊ ကျေးလက်ရေရရှိရေး၊ ဆည်မြေင်းဌာနမှ ရေပေး ဝေမှု အခြေအနေများ၊ ချေးငွေနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် နည်းလမ်းများ စားသုံးသူကာကွယ်ရေး၏ ဥပဒေနှင့် စာသုံးသူများအခွင့်အရေး စသည်တို့အား အသီးသီး အသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။
ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေး တင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ဝင့်နန္ဒာဌေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment