Pages

Pages

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဘားအံမြို့နယ် မြသီရိ‌ရောင်းဝယ်ရေးသမဝါယမအသင်း အသင်းသားများနှင့်တွေ့ဆုံ

 






MNP - မေ   ၂၆


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က ဘားအံမြို့ မြသီရိရောင်းဝယ်ရေးသမဝါယမအသင်း(လီမိတက်) အသင်းသားများနှင့်တွေ့ဆုံ၍ ဆန်ရောင်းချနေမှုအားကြည့်ရှုခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ်ဆုရည်မြင့်က မြသီရိရောင်းဝယ်ရေး သမဝါယမအသင်း၏ လုပ်ငန်းများဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက မြသီရိရောင်းဝယ်ရေး သမဝါယမအသင်း၏ ဆောင်ရွက်နေမှုများအား ဝမ်းသာပါကြောင်း၊ ဒီထက် အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းများကို လုပ်ငန်း(၃)ခုဖြင့် ဆောင်ရွက်နေကြောင်း၊ သမဝါယမအသင်း၏ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ အသင်းသားများ၏ အကျိုးကိုပိုမိုတိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ ချေးငွေများကို ပြန်ဆပ်နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ သမဝါယမလုပ်ငန်းဖြင့် ဝန်ထမ်းသက်သာချောင်ချိရေးနှင့် အသင်းသားများ သက်သာချောင်ချိရေးကို ဆောင်ရွက်ပေးနေ ကြောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ပုံရိပ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်က အသင်းသားများ၏ စိတ်ကောင်း၊ စေတနာကောင်းများကို ထိန်းသိမ်းပြီး လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားခဲ့ပြီး မြသီရိရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်က အသင်းမှရရှိသော အကျိုး အမြတ်များကို သဘာဝဘေးအန္တရာယ်ကျရောက်သူများအား ထောက်ပံ့ပေးမှုများ၊ ပညာရည်ချွန်ဆုများပေးအပ်ချီးမြှင့်မှုများ၊ လူမှုရေး၊ ရပ်ရေးရွာရေးကိစ္စရပ်များတွင် ထည့်ဝင်ပေးမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြသီရိရောင်းဝယ်ရေးသမဝါယမအသင်း၏ ဆန်ရောင်းချနေမှုအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ မြသီရိရောင်းဝယ်ရေးသမဝါယအသင်းကို ၁၉၉၄  ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး အသင်းသား (၈၇) ဦးရှိကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment