Pages

Pages

ဆရာတော်အရှင်မင်းတရားတို့ မစိုးရိမ်တိုက်ပညာရေးအတွက် စိုးရိမ်ပူပန်မှု ကထာကို ခံစားမျှဝေခြင်း





ဤတရားသည် ၁၃၇၀ ပြည့် ကဆုန်လပြည့်ကျော် ၆ရက် ဆရာတော်ဦးကော်ဝိဒါဘိဝံသ တလပြည့်တရားကောက်နှုတ်ချက်မှဖြစ်ပါသည်။ ဆရာတော်ဦးကောဝိဒ နှင့် ဆရာတော်ဦးရာဇဓမ္မ=ဆရာတော်အရှင်မင်းတရားသည် အရင်းနှီးဆုံးဖြစ်ပြီး မစိုးရိမ်တိုက် ပညာရေးဖွံ့ဖြိုးအောင် ကြောင့်ကျစိုက်သော ဆရာတော်နှစ်ပါးဖြစ်သည်။ ၁၉၉၀ဒီဇင်ဘာက မော်စကိုတွင် ၁၉လကြာ သတင်းသုံးဖက်လည်းဖြစ်သည်။ ဆရာတော်ဦးကောဝိဒါဘိဝံသသည် အမေရိကန်တွင် ပျံလွန်တော်မူ၍ မစိုးရိမ်တိုက်ဟောင်း၌ တလပြည့်ကျင်းပရာ ဆရာတော်ဦးရာဇဓမ္မာဘိဝံသက တလပြည့်ဟောကြားခြင်းဖြစ်သည်။


ကဲ မင်းတို့ ပကိဏ္ဏက သြဝါဒကထာတဲ့။ လိုရင်းကတော့ ငါနဲ့ဦးကောဝိဒက အရင်းနှီးဆုံး။ ဘာဖြစ်လို့ အရင်းနှီးဆုံးဖြစ်သလဲဆိုရင် ဒီတိုက်ကြီးထဲနေတုန်းက ငါနဲ့သူနဲ့က ကျောင်းချင်းကလည်းနီးတယ်။ သူက အနောက်ဖက်ကျောင်း၊ ငါက အရှေ့ဖက်ကျောင်း။ အဲ့သလို ကျောင်းအနေနီးတာက တစ်မျိုးပေါ့ကွာ။ ငါကအရှေ့ကျောင်းနေရင်း အဲ့ဒီတုန်းက အသက်ကလည်းငယ်တဲ့အရွယ်ဆိုတော့ အင်္ဂလိပ်စာတွေဘာတွေ ငါက လေ့လာတယ်ပေါ့။ တစ်နေ့ ငါစာဖတ်နေတာတွေ့တော့ သူုက (ဦးဇင်း ဘာစာဖတ်နေတာတုန်းတဲ့) အင်္ဂလိပ်စာဖတ်နေတာလို့။ (ဦးဇင်းအင်္ဂလိပ်စာ သင်သလားတဲ့) သင်တယ်လို့။ (အဲ့သလိုဆိုရင် တပည့်တော်လည်း လိုက်သင်ဦးမယ်တဲ့) သူကလည်း အင်္ဂလိပ်စာသင်ချင်တယ်ဆိုတော့ ငါရယ် သူရယ် နှစ်ပါး အဖိတ်အနေနဲ့ ဥပုသ်နေ့ပေါ့ကွာ၊ နှစ်ရက်နှစ်ရက် စိန်ပန်းထဲက ဝန်ထောက်မင်းကြီး ဦးနန်းနွယ်၊ သူ့ဆီမှာ တို့ အမြဲတမ်း အင်္ဂလိပ်စာလေ့လာတယ်။ နောင်တစ်နေ့ကျတော့ ရန်ကုန်ကို တို့လေးလလောက် သီတင်းသုံးတယ်။ နှစ်ပါးလုံး အဘိဓာန်ကိစ္စကြုံလာတော့ တို့ကမ္ဘာအေးမှာ အဘိဓာန်လုပ်ရင်း သီတင်းသုံးကြတယ်။ လေးလကြီးတောင် နေရမယ်ဆိုတော့ အချိန်အလဟဿမဖြစ်အောင် တို့လုပ်မယ်ဆိုပြီးတော့ ရန်ကုန်မှာလည်း ဆရာတက်တိုးဆီ ငါရော သူရော နှစ်ပါးလုံး အင်္ဂလိပ်စာသင်ကြတယ်။


ဆရာတော်အရှင်မင်းတရား၏ တရားနိဒါန်းသည် ဆရာတော်နှင့် ဆရာတော်ဦးကောဝိဒါ ဘိဝံသ ရင်းနှီးကျွမ်းဝင်ဆုံး ဖြစ်ရပုံကို ဦးစွာဟောကြားခြင်းဖြစ်ပါသည်။ ကျွန်တော်ခံစားမိသည်က ဆရာတော်နှစ်ပါး ပညာရှာပုံကိုဖြစ်ပါသည်။ ဗုဒ္ဓဘာသာ သာသနာအတွက် ဗုဒ္ဓဘာသာစာပေဖြည့်စချိန်မှာ ဘာသန္တရတတ်ကျွမ်းဖို့ ရသည့်အချိန်ကလေးတွင် ပညာအားထုတ်ရှာဖွေလိုသောစိတ်ဓာတ်နှင့် ရှာဖွေပုံနည်းလမ်းသည် အားကျအတုယူဖွယ်ဖြစ်ပါသည်။ ယနေ့ကျွန်တော့် တပည့်သားမြေးအရွယ် ကျောင်းဆရာများသည် မိခင်စာပေကော အခြားပညာရပ်များတွင်ပါ ပညာရှာဖွေမှုမပြုကြပါ။ ယနေ့တက္ကသိုလ်ကျောင်းသားတို့သည်လည်း ပညာရပ်ကော တိုင်းခြားဘာသာရပ်ပါ အားထုတ်မှု မရှိသလောက်။ သူတို့သည် KG ကတည်းက အင်္ဂလိပ်စာသင်လာသော်လည်း ပညာရေးစနစ်ကြောင့် အင်္ဂလိပ်စာမတတ်ကြသလို အားထုတ်မှုမရှိခြင်းကြောင့်လည်း တိုင်းခြားဘာသာနှင့် မိခင်ဘာသာကော သင်ယူရသည့် ပညာရပ်တွင်ပါ တတ်ကျွမ်းခြင်းမရှိပါ။ ဆရာတို့က ကျူရှင်ပြမည်။ ဖုန်းကြည့်မည်။ လူလတ်၊ လူငယ်တွေကလည်း အားချိန်ရှိသ၍ ဖုန်းကလိ။ လက်ကိုင်ဖုန်းမှာ ပညာရှာလိုလျှင်  Google ဖွင့်၍ ရှာနိုင်သည်။ ဘဝတူဆရာတွေနှင့် တက္ကသိုလ်ကျောင်းသားတို့ကို ဆရာတော်အရှင်မင်းတရားက ကထာဖတ်၍ စိတ်တူကိုယ်တူ ဆရာတော်နှစ်ပါးကို  အားကျအတုယူပြီး၊ နိုင်ငံ လူမျိုးအတွက် ပညာရှာလိုသော စိတ်ဓာတ် စိတ်မြတ်များ ရှိစေခြင်သည့် ခံစားမှုများ ဖြစ်ပေါ်လာပါသည်။


ဦးကောဝိဒက ၁၃၁၉ခုနှစ်မှာ ဒီမစိုးရိမ်တိုက်ကြီးမှာ စာချနာယကဖြစ်သည်။ ၁၃၂၄ခုနှစ်မှာ စာချနာယကဖြစ်တယ်။ ဒီတော့ သူနဲ့ ငါနဲ့က စာချနာယကဖြစ်တာ သူကငါးနှစ်လောက်စောတယ်ပေါ့။ အသက်အရွယ်အနေအထားအားဖြင့်လည်း သုူကငါ့ထက်၆နှစ်ကြီးတယ်။ တနှစ်မှာတော့ တို့မစိုးရိမ်တိုက်ကြီး သံဃာက ငါးရာခြောက်ရာလောက်ရှိတယ်။ အဲ့ဒီ ငါးရာခြောက်ရာလောက်ရှိတဲ့ သံဃာထဲမှာ အကြီးတန်းအောင်တာ၊ တပါးပဲရှိတယ်။ မစိုးရိမ်တိုက်ကြီးမှာ။ ဒီတော့ ပညာရေးအနေနဲ့အတော်ကို အောက်ကျသွားတယ်ဆိုပါစို့။ အဲ့ဒီလိုအောက်ကျသွားတော့ သူနဲငါနဲ့ ဝါဆိုဦးမှာ ပါဠိကျောင်းမှာ တိုက်စာမေးပွဲလုပ်တော့ စာမေးပွဲစောင့်ကျတယ်ပေါ့။ စောင့်တော့ သူကစပြီပြောတယ် ( ဦးဇင်းတိုက်တော့ အတော်အခြေအနေယိုင်လာပြီ။ ဒီနှစ်ဆိုရင် သံဃာ ငါးရာခြောက်ရာလောက်ရှိတာ အကြီးတန်းက တပါးတည်းအောင်တယ်။ ဒီတော့ တိုက်ကြီးအနေနဲ့ ဒါအင်မတန်လည်း ရှက်စရာကောင်းတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ) ဆွေးနွေးကြတော့ ငါက (အခုခေတ်စာသင်သားတွေက သိပ်ပြီးတော့ ပေါ့လာပြီ။ ဝီရိယ ပေါ့လာပြီ။ အဲ့ဒီ ဝီရိယပေါ့လာတဲ့စာသင်သားတွေ ဝီရိယ မရှိ၊ ရှိအောင် တပည့်တော်တို့ လုပ်ရမှာ။ အကြီးတန်းဆိုရင် အကြီးတန်းနဲ့ဆိုင်တဲ့ စာဝါမလိုက်မနေရ စာအံကျောင်းမတက်မနေရ အဲသလို စည်းကမ်းတွေထုတ်ပြီးတော့ တပည့်တော်တို့ လုပ်မှကောင်းမယ်။


ဤတွင် ဆရာတော်တို့ ( ဗုဒ္ဓဘာသာ သာသနာအပေါ် ကြောင့်ကျစိုးရိမ်မှုကို တွေ့ရသလို ပညာရေးထိတ်လန့်မှု ရသွားသည်ဟု မြင်မိပါသည်။ဘာသာရေးနှင့် ဆက်စပ်၍ သာသနာတိုးတက်အောင်လုပ်နိုင်ဖို့ လိုသည်ကို ဆရာတော်တို့ ၂ ပါးက ရှေးဆရာကြီးတို့ နည်းတူမြင်သည်။ သာသနာထွန်းပေါက်အောင် ပရိယတ္တိ စာပေမကျဆင်းဖို့ လိုသည်ကိုလည်း ဆရာတော်တို့ ၂ပါးက သိသည်။ ပရိယတ္တိစာပေ အစဉ်တိုးတက်နေရေး စာသင်တိုက်တို့ တာဝန်ဖြစ်သည်ကိုလည်း ခံယူကြသည်။ ထို့ကြောင့် မိမိတို့ မစိုးရိမ်တိုက်အတွင်း လောကုတ္တရာပညာအားနည်းနေမှုကို ကုစားရန် ဆွေးနွေးမိကြသည်။


အဲသလို တိုင်ပင်ပြီးတော့၊ အဲဒီတုန်းက ဒီမစိုးရိမ်တိုက်ကြီးထဲမှာ နာယက-က ၁၂ပါး ရှိတယ်။ ဦးသီဂိုန်ရယ်၊ဦတေဇောရယ်၊ဦးသုမနရယ်၊ဦးကောဝိန္ဒရယ်၊ငါရယ်၊ အဲဒီငါးပါးက နာယကအငယ်ငါးပါးခေါ်တယ်။ ကျန်တဲ့ ဂန္တဆရာတော်တို့ ဘာတို့ (၇)ပါးရှိတယ်။ ဂျပန်ခေတ်မတိုင်ခင်က နာယကဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို တို့က နာယကဆရာကြီးလို့ခေါ်တယ်။ ဂျပန်ခေတ်နောက်ပိုင်း မှ နာယကဖြစ်တဲ့ ပုဂ္ဂိုလ်များကို နာယကအငယ်လို့ခေါ်တယ်။ အဲဒီ နာယကအငယ် ၅ပါး တနေ့ တို့ဆွေးနွေးတယ်။ ကိုင်း တို့တိုက်ကြီးတော့ ပစ်ထားလို့မရဘူး။ ဒီတော့ အကြီးတန်း- အကြီးတန်းဆိုင်တဲ့စာဝါလိုက်ရမယ်။ အလတ်တန်း-အလတ်တန်းဆိုင်တဲ့စာဝါလိုက်ရမယ်။ အငယ်တန်း-အငယ်တန်းဆိုင်တဲ့စာဝါလိုက်ရမယ်။ စာချတန်း-စာချတန်းဆိုင်တဲ့စာဝါလိုက်ရမယ်။ အဲ့သလို စည်းမျဉ်းဥပဒေလုပ်ပြီးတော့၊ နာယကဆရာကြီး (၇)ပါး ကို တို့ကလျှောက်ကြတယ်။ တို့က နာယကအငယ် (၅)ပါးကိုကွ။ (တပည့်တော်တို့ ဒီလို ဒီလိုလုပ်မယ်။ အခုဆိုရင် တိုက်သံဃာ အတော်ကို အခြေယိုင်နေတယ်။ပညာရေးနဲ့ပတ်သတ်ပြီး အတော်အခြယိုင်နေတယ်။ အတော်အခြေယိုင်နေတဲ့အတွက် တပည့်တော်တို့ ဒီလိုလုပ်မယ် ဘုရား) အဲ့သလိုလျှောက်ကြတော့ နာယကကြီး (၇)ပါးက သဘောကျကြတယ်။ အဲ့ဒီနာယကကြီး (၇)ပါး ရဲ့အထက်က တို့ဆရာကြီးရှိသေးတယ်။အဲဒီဆရာတော်ကြီး အဲဒီတုန်းက အသက်၈၀ကျော်ပြီ။ အဲဒီ ရှစ်ဆယ်ဆရာတော်ကြီးကို သွားလျှောက်တော့လည်း သူကသဘောကျတယ်။ မင်းတို့လုပ်ကြ။ အဲသလို ခွင့်ပေးတဲ့အတွက် ဒီတိုက်ကြီးမှာ ပညာရေးအဆင့်အတန်းမြင့်မားလာအောင် ဆိုပြီးတော့ ၊ အဲ့ဒီ နှစ်တွေက သူ့အတန်းဆိုင်ရာစာဝါ မလိုက်မနေ၊ စာအံကျောင်းတွေ မတက်မနေရ စသဖြင့် စာသင်သားတွေ လိုက်နာရမယ့် စည်းမျဉ်း ဥပဒေတွေလုပ်ပြီးတော့၊ တို့ဒီမှာကြိုးစားခဲ့တယ်။


မစိုးရိမ်တိုက်၏ ပညာရေးနိမ့်ကျသွားမှုကို စတင်စိုးရိမ်သောကဖြစ်သော ဆရာတော်မှာ ဦးကောဝိဒါဘိဝံသ ဖြစ်ကြောင်း ဆရာတော်အရှင်မင်းတရား မိန့်စကားအရ သိရပါသည်။ ဆရာတော်တို့ နာယကအငယ် ငါးပါးလုံး တိုက်၏ပညာရေးယိုင်နေမှုကို ထိတ်လန့်တုန်လှုပ်မှုဖြစ်ကြပြီး မြှင့်တင်မှုနည်းလမ်း စရှာသူမှာ ဆရာတော်အရှင်မင်းတရားဖြစ်ကြောင်းတွေ့ရပါသည်။ ဆက်၍ အတွေးပွားခံစားမိသည်က ကျောင်းဆရာ ပီပီ လောကီပညာရေးဖြစ်သည်။ ကျွန်တော်တို့ အခြေခံနှင့် အဆင့်မြင့်ပညာတွင် ၁၉၉၅မှစ၍ သိသာထင်ရှားစွာ ယိမ်းယိုင်လာသည်။ ယိုင်နဲ့ ယိုင်ရွဲ့ ရုံမက စာရိတ္တကြီး လဲပြိုသည်။ စာဖြေရာမှာ၊ စာစစ်ရာမှာ၊ ခန့်ထားပြောင်းရွှေ့ရာထူးတိုးရာမှာ၊ ဘတ်ဂျက်ငွေရေးကြေးရေးမှာ စသည့်မသမာမှုပေါင်းစုံနှင့် အတူ မျိုးဆက်သစ် တပည့်သားမြေးတို့ ပညာရေး လွန်စွာနိမ့်ကျသွားမှုက အရေးကြီးဆုံးမှာ ရှိသော်လည်း အခြေခံနှင့် အဆင့်မြင့် ဆရာတွေကော၊ အစိုးရအဆက်ဆက်နှင့် ပညာရေးမူဝါဒဖော်ဆောင်စီမံသူတို့ပါ ပညာရေးအတွက်ထိတ်လန့်မှုမဖြစ်။ မုသားလိမ်လည်မှုကို ထမင်းစား ရေသောက် မရှက်မကြောက်ကျူးလွန်ကြပြီး ဘက်ပေါင်းစုံပျက်စီးနေသော ပညာရေး ရှက်ဖွယ်ဖြစ်နေသည်ကို ပညာရေးဌာနကြီး တစ်ခုလုံး မတုန်လှုပ်ကြ။ ကျော်မကောင်းကြားမကောင်း ဖြစ်ရပ်ပေါင်းများစွာ ၁၉၉၅ မှ ၂၀၂၀တွင်းဖြစ်ခဲ့သော်လည်း shock မရ။ န.ယ.က၊ ပြည်ခိုင်ဖြိုး၊ NLD ၊ န.စ.က အစိုးရတို့ အထိ၊ အလွဲအမှားများကို မြင်သိတွေ့နေသည့်တိုင်း တာဝန်ရှိပညာရေးမှုဝါဒဖော်ဆောင်သူတို့ ဝန်ခံပြုပြင်မှုမရှိ။ အုပ်ချုပ်သူအဆက်ဆက်နှင့် ပညာရေးဦးဆောင်သူတို့က သူတို့ထင်ရာစီမံ၍ ပညာရေးပျက်စီးမှုကို တုန်လှုပ်မှုမဖြစ်။ ဆရာတော်အရှင်မင်းတရားတို့ နာယကငယ် ၅ပါး နှင့် မစိုးရိမ်ဆရာတော်ကြီးများကတော့ မစိုးရိမ်ပညာရေးအတွက် သောကများ ထားခဲ့ကြသည်။ ဆရာတော်တို့ စိုးရိမ်ပူပန်မှုက သာသနာအတွက်သာမက၊ နိုင်ငံ လူမျိုးအတွက်ပါဖြစ်သည်။


အဲဒီတော့ မင်းတို့ အခုနာယကအငယ်တွေ၊ စာသင်သားတွေမင်းတို့မှတ်ထား။ ကိုယ်တိုက်တာအခြေအနေကို၊ အမြဲတမ်းလေ့လာနေရတယ်။ အခြေအနေကျဆုံးသွားပြီလား။ မြင့်တက်လာပြီလား။ အဲဒါတွေကို အမြဲတမ်းလေ့လာနေရတယ်။ ကျဆုံးသွားတဲ့အခြေအနေကို ဘယ်လိုမြင့်တက်အောင်လုပ်မလဲ။ မြင့်တက်နေတယ်ဆိုရင် အဲဒီထက်မြင့်တက်နေတဲ့အခြေအနေက ပိုပြီးမြင့်တက်အောင်၊ အရှိန်အဝါကောင်းအောင် ဘယ်လိုလုပ်မလဲပေါ့။ ဒီထဲမှာ ငါ့ထက်ကြီးတဲ့ နာယက ကနှစ်ပါးသုံးပါးပဲ ရှိတော့တယ်။ ဟုတ်လား။ ကျန်တာတွေ ငါ့ထက်ငယ်တဲ့ နာယကတွေ။ အေး နာယက အငယ်တွေ တိုက်တာအခြေအနေ ဆုတ်ယုတ်သွားသလား၊ မြင့်တက်သွားသလားဆိုတာ အမြဲတမ်းလေ့လာနေပါ။ ဆုတ်ယုတ်နေတယ်ဆိုရင်၊ တို့တိုးတက်အောင်ဘယ်လိုလုပ်ကြမလဲ၊ အချင်းချင်းတိုင်ပင်ပြီးတော့ တိုးတက်အောင်လုပ်ဖို့လိုတယ်။ အဲဒါ ဦးကောဝိဒတို့ ငါတို့ လွန်ခဲ့တဲ့ နှစ်ပောင်း ၃၀ကျော် ၄၀လောက်က တိုက်တာနဲ့ပတ်သတ်ပြီးတော၊့ ငါတို့လုပ်ခဲ့တဲ့အလုပ်။


    ဆရာတော်အရှင်မင်းတရားက ၁၃၃၀ခုနှစ်လောက်က မစိုးရိမ်တိုက်ပညာရေးတတ်မြောက်မှုနှင့် အောင်ချက်ဆိုးဝါးစွာကျဆင်းနေမှုကို ဆရာတော်တို့ သတ္တိရှိစွာသိမြင်ဝန်ခံရဲပြီး နည်းလမ်းမှန်ကန်စွာ မြင့်တက်အောင် မြှင့်တင်နိုင်မှုကို မျိုးဆက်သစ် နာယကငယ်တို့အား နည်းယူဆောင်ရွက်နိုင်ရန် သြဝါဒပေးခြင်းဖြစ်သည်။၎င်းကို ခံစားရသောအခါ၊ ၁၉၉၅မှ ၂၀၂၀ထိအောင်ချက်မြင့်မားရေး၊ အလိမ်အညာအစီအရင်ခံစာနှင့် မတတ်မသိပဲ အောင်ချက်မြင့်မားအောင် မသမာမှုလုပ်ခဲ့သော ပညာရေးတာဝန်ရှိသူတို့ ဟီရိသြတ္တပ္ပ ကင်းမဲ့ပုံကို တွေးမိလာပါသည်။ အကြီးအကဲတို့ ကိုယ်တိုင်က အမှန်ကို ဖုံးကွယ်လိမ်လည်စေသောအခါ ၈% မျှသာအောင်ချက်ရှိခဲ့သောကျောင်းတွေက ၃၀%ကျော် အောင်ချက်မြင့်မားလာအောင် စာမေးပွဲကြီးကျပ်ရေးမှုးချုပ်၊ ကျောင်းအုပ်ကြီးတွေရော၊ ရုံးအဖွဲ့လက်ထောက်ကြီးကြပ်တွေနှင့် လက်ရွေးစင်အစောင့်ဆရာတို့က စာဖြေကျောင်းသားတို့ကို စာသူခိုးတွေဖြစ်စေခဲ့သည်။ အောင်မြင်မှုက မစစ်မှန်တော့ ပညာရေးလောက အလှမရှိတော့။ ပညာရေးအလှ ပျက်တော့ နိုင်ငံ လူမျိုး ရုပ်ဆိုးရသည်။ ဆရာတော်အရှင်မင်းတရားတို့ကတော့၊ လောကုတ္တရာ ပညာသိရမည်၊ တတ်ရမည်။ သိတတ်မှအောင်ရမည် မူကိုချ၊ သိတတ်စေရမည့် နည်းစနစ်ချ ဆောင်ရွက်ခဲ့ရာ လှပသော မစိုးရိမ်ဖြစ်လာသည်။ ဒီတော့ သာသနာလည်းတင့်တယ်၊ နိုင်ငံ လူမျိုးလည်း ဂုဏ်ဝင့်ထည်ရသည်။


    လောကီပညာရေးမှာ မိခင်မြန်မာစာကော၊ ဝိဇ္ဇာ သိပ္ပံပညာရပ်တွေမှာပါ အသိအတတ်ကျဆင်းနေခြင်းနှင့် တချိန်ကအရှေ့တောင်အာရှမှာ အဆင့်(၁)ရန်ကုန်တက္ကသိုလ် ယခု ကမ္ဘာအဆင့် (၆၅၄၈) ဖြစ်နေခြင်းတို့ကို ပညာရေးဝန်ကြီးမှစ ပညာရေးမူဝါဒစီမံဖော်ဆောင်သူတို့အဆုံး၊ သူတို့နှလုံးသားမှာ ထိခိုက်ခံစားမှုမရှိ။ တစ်ခါက ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂတို့ကလည်း အသိအတတ်မရသောပညာရေး ဘာကြောင့်မရသည်၊ ဘယ်လိုပြင်ရမည်ကို သိပါလျက် နိုင်ငံရေးသမားတို့ ကြိုးဆွဲရာကကာ စစ်အာဏာရှင်ကြောင့်သာဟုတစာစာအော်နေသည်။ ၂၀၁၆-၂၀ အတွင်းပျက်နေသော ပညာရေးပြင်ဖို့မတောင်းဆို။ အဝေးသင်ပညာရေးကို သက်သေပြမည်။ အဝေးသင်နှင့် Day သင် တက္ကသိုလ်တွေမှာ မြန်မာစာကလွဲ၍ ဝိဇ္ဇာသိပ္ပံပညာရပ်များကို အင်္ဂလိပ်လိုပြဋ္ဌာန်းသင်စေသည်မှာ ၁၉၉၄ကစသည်။ အဝေးသင် တ.က.သ ကျောင်းသားတို့သည် ထိုပြဋ္ဌာန်းစာအုပ်တို့ကို လှန်တောင်မကြည့်ဘဲ၊ အသင့်ဖြေပြီးစာစဉ်များကို ဝယ်ပြီးကူးတင်။ အနီးကပ် (၁၀)ရက်မှာ အခွင့်အရေးပေးနိုင်သော တ.က.သ ဆရာထံ ကျူရှင်တက်။ လေးငါးပုဒ်ကျက်။ ဖြေပြီးဆိုင်ရာ ကန်တော့။ ဘွဲ့ရ။ ဆရာဖြစ်လာ။


    Day သမားတွေလည်း အသိအတတ်မရပါ။ ဒီလို အသိအတတ်မရတွေ နှစ်စဉ် သောင်းချီမွေးထုတ်ခဲ့သည်မှာ နှစ်၃၀နီးပြီ။ ကိုယ်တပည့်တွေ အရည်အချင်းမပြည့်မှန်း သိပါလျက် ဘွဲ့လက်မှတ်ကို လက်မှတ်ထိုးချီးမြှင့်နေသော ပါမောက္ခများနှင့် ဘွဲ့နှင့်မထိုက်သော ပညာကိုသာရ၍ စာမတတ်ဘွဲ့ရဖြစ်နေသော ကျောင်းသားများကလည်း ဒီတက္ကသိုလ်ပညာကို Shock မရ။ နိုင်ငံ လူမျိုး အကျိုးရှိဖို့ ဝိဇ္ဇာသိပ္ပံပညာရပ်များ အသိအတတ် မြင့်မားရေးအတွက် ပါမောက္ခများ၊ ကထိကများ၊ ထ.က.သ ကျောင်းသားများ တာဝန်ဖြစ်သည်။ ၂၀၁၁မှ ၂၀၂၂ထိ ကျောင်းသာ ဆရာသမဂ္ဂတို့ ပညာရေးတုန်လှုပ်ခြောက်ချားမှုမရှိ၍ ပညာရပ်တွေကို အင်္ဂလိပ်လို သင်ကြားခြင်းမသင့်လျော်ကြောင်း ပညာရေးမူဝါဒဖော်ဆောင်သူတို့အား မတောင်းဆိုတတ်။ သို့ငြား ရိုးသာပြည်သူများအား လှည့်စားရန် နိုင်ငံရေးသမားတို့ လေသံ ဒီမိုကရေစီပညာရေး ကို အော်ခဲ့နေသည်မှာ စေတနာမမှန်ဟုဆိုပါမည်။


ပညာရေး အတွေးစတို့ မဆုံးသေးပါ။ နိဂုံးတင်ပြလိုသည်က (တက်လူသာလျှင်၊ မြန်မာပြည်လှ၊ အားသစ်ရ၍ ၊ဇေယျအောင်လံထူမည်တည်း။) ဆရာကြီးဇော်ဂျီဆိုမိန့်ခဲ့သလို အောင်လံလွှင့်ထူနိုင်သော လှပသည့် ပြည်မြန်မာဖြစ်ဖို့၊ တက်သစ်စ မျိုးဆက်သစ် လူငယ်တို့ အသိအတတ်ပညာရရေး ပညာရပ်တွေကို တရုတ်၊ ကိုရီးယား၊ ဂျပန်တို့လို မိခင်စာပေဖြင့် သင်ကြားပေးပြီး အားထုတ်မှု ဝီရိယ မပေ့ါစေသော စစ်ဆေးမှုမျိုးဖြင့် တက်လူတို့ အရည်အသွေးမြှင့်ပေးစေလိုကြောင်း ဆရာတော်အရှင်မင်းတရား သြဝါဒကထာ ခံစား၍တင်ပြမျှဝေလိုက်ပါသည်။


ဦးဌေး(နတ်မောက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment