ဒုံဝန်းကျေးရွာတွင် သဘာဝဘေးကြောင့် ပျက်စီးခဲ့သော ရွှေကြာရံစေတီတော်မြတ်ကြီး၏ ထီးတော်အစိတ်အပိုင်းအား ပြန်လည်တင်လှူ ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုံဝန်းကျေးရွာတွင် သဘာဝဘေးကြောင့် ပျက်စီးခဲ့သော ရွှေကြာရံစေတီတော်မြတ်ကြီး၏ ထီးတော်အစိတ်အပိုင်းအား ပြန်လည်တင်လှူ ပူဇော်









MNP ၊  မေ ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာရှိ ရှေးဟောင်းစေတီတစ်ဆူဖြစ်သည့် ရွှေကြာရံစေတီတော်မြတ်ကြီး၌ သဘာဝဘေးကြောင့် ပျက်စီးသွားခဲ့သည့် ထီးတော်အထက်ပိုင်း ပိန္နဲတိုင်နှင့် ငှက်မြတ်နားတော်အပါအဝင် စိန်ဖူးတော်တို့ကို ယနေ့၊ နံနက်ပိုင်းတွင် စေတီတော်အထွတ်သို့ ပြန်လည်တင်လှူ ပူဇော်ခဲ့ကြောင်း သိရသည်။

ပြန်လည်တင်လှူ ပူဇော်ရာတွင် ကြွရောက်လာသော ဆရာတော်၊သံဃာတော်အရှင်သူမြတ်များက စေတီတော်အား ဗုဒ္ဓဘိသေကအနေကဇာတင်တော်မူကြပြီး ဧည့်ပရိသတ်များက ရေစက်ချအနုမောဒနာတရားနာယူကာ ကုသိုလ်ကောင်းမှုများအတွက် အမျှတန်းဝေ သာဓုခေါ်ဆိုခဲ့သည်။

လွန်ခဲ့သည့် မေလ ၇ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မူကြောင့် ဒုံဝန်းကျေးရွာမြောက်ပိုင်း ဉာဏ်တော်အမြင့် ၅၇ တောင်( ၈၅ ပေခွဲ)ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေကြာရံစေတီတော်၏ ထီးတော်အထက်ပိုင်း ပိန္နဲတိုင်မှာ စေတီတော်၏ အနောက်မြောက်ဘက် သို့တိမ်းစောင်းခဲ့၍ ငှက်မြတ်နားတော် ပျက်စီးခဲ့ရပြီး စိန်ဖူးတော်မှာ ထိခိုက်မှုမရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ထိုသို့ပျက်စီးခဲ့ရာ စေတီတော်သြဝါဒစရိယဆရာတော်များထံမှ သြဝါဒခံယူလျက် သက်ဆိုင်ရာပညာရှင်များနှင့် ပူးပေါင်းကာ သဘာဝဘေးကြောင့် တိမ်းစောင်းပျက်စီးခဲ့သည့် ပိန္နဲတိုင်နှင့် ငှက်မြတ်နားတော်တို့ကို မူလအနေအထားအတိုင်း ပြင်ဆင်၍ အမြန်ဆုံးပြန်လည်တင်လှူ ပူဇော်နိုင်ရေး စီစဉ်ခဲ့ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦး ကပြောသည်။

ဒုံဝန်းကျေးရွာမြောက်ပိုင်း ဘီးလင်းမြစ်ကမ်းအနီးတွင် တည်ရှိသည့် အဆိုပါစေတီတော်ကို သာသနာနှစ် ၂၁၆၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၉၈၀ ခုနှစ်၊ ခရစ်နှစ် ၁၆၁၉ ခုနှစ်တွင် အနောက်ဘက်လွန်မင်း လက်ထက်၌ မုတ္တမမြို့စား ဗညားဒလ တည်ထားခဲ့ကြောင်း ဂေါပကအဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ဂေါပကအဖွဲ့မှ ပြုစုထားသော သမိုင်းမှတ်တမ်းများအရ လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ကျော်က တည်ထားခဲ့သည့် အဆိုပါစေတီတော်၏ ထီးတော်အား  ခရစ်နှစ် ၁၆၄၉ ၊ ၁၇၆၅ ၊ ၁၈၉၂ ခုနှစ် တို့၌ တင်လှူ ပူဇော်ခဲ့ပြီး စတုတ္ထအကြိမ်အဖြင့်  ၂၀၁၃ ခုနှစ် (လွန်ခဲ့သည် ၉ နှစ်) က နောက်ဆုံးတင်လှူ ပူဇော်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)