သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 


MNP ၊ မေ ၂၆

သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတန်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အရာရှိကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနတာဝန်ခံများ တက်ရောက်ကြပြီး ဒေသဆိုင်ရာ သုတေသနဌာနမှ သုတေသီများက အွန်လိုင်း စနစ်ဖြင့် တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နည်းပညာ လွှဲပြောင်းဖြန့်ဝေခြင်းဆိုင်ရာ လုပ်ငန်းများတွင် အိုင်တီနည်းပညာအပါအဝင်  နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရာ၌ ဦးစီးဌာနများ၊  တက္ကသိုလ်များရှိ လုပ်ငန်းသဘာဝတူသည့် ဌာနများအချင်းချင်း ချိတ်ဆက် ပေါင်းစပ်ပြီး ပိုမိုထိရောက် အားကောင်းလာစေရေး  အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ တောင်သူများ၏ နည်းပညာဆိုင်ရာ လိုအပ်ချက်များကို စိုက်ပျိုး ပညာပေးဝန်ထမ်းများက သုတေသန ပညာရှင်များထံ ပေါင်းကူးဆက်စပ်ပေးရန် လိုအပ်သည့်နည်းတူ သုတေသန ရလဒ်များကို တောင်သူများ ယုံယုံကြည်ကြည် လိုက်နာစေရန်နှင့် လက်တွေ့ကျကျ သိမြင်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေးသည် အလွန်အရေးပါကြောင်း၊


ထို့ပြင် ရာသီဥတုပြောင်းလဲမှုများ၊ စားသုံးသူများ၏ ကြိုက်နှစ်သက်မှု ပြောင်းလဲမှုများ၊ ဈေးကွက်လိုအပ်ချက် ပြောင်းလဲမှုများ စသည့်အပြောင်းအလဲများနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် သုတေသန လုပ်ဆောင်ချက် များကိုလည်း ပြုပြင်တိုးချဲ့ ဆောင်ရွက်နိုင်ရန်၊ လယ်ယာကဏ္ဍ၏ ကုန်ထုတ်စွမ်းအားမြှင့်တင်နိုင်ရန် လယ်ယာကဏ္ဍ အဆင့်-၄ (Agriculture 4.0) သို့ ရောက်ရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များကို ယနေ့ အစည်းအဝေးတွင် ဆွေးနွေးဖော်ထုတ်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် ပေါ်ဆန်းမွှေး စပါးမျိုးသစ်များ၊ ရောဂါဒဏ်ခံနိုင်သည့် မြေပဲနှင့် ပဲတီစိမ်းမျိုးသစ်များ၊ မြန်မာခရမ်းချဉ်မျိုးသစ်များ အပါအဝင် အလားအလာကောင်း သီးနှံ မျိုးသစ်များကို ကြည့်ရှုအားပေးသည်။


အဆိုပါမျိုးသစ်များကို မကြာမီ မျိုးစေ့မှတ်ပုံတင်ခွင့်ပြုချက် တင်ပြသွားမည်ဖြစ်ပြီး မျိုးစေ့မှတ်ပုံတင်ခွင့် ရရှိပြီးပါက မျိုးစေ့ထုတ်လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်တောင်သူများမှတဆင့် မျိုးဖြန့်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာဦးစီးဌာနအလိုက် သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပြီး သုတေသန ပညာရှင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ရှေ့ဆက်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများ၊ တောင်သူပညာပေး နည်းလမ်းများ၊ သုတေသနစီမံချက်များနှင့် ပညာပေး စီမံချက်ဆိုင်ရာများ၊ စက်မှုလယ်ယာစနစ် အပြည့်အဝ အသုံးပြုဆောင်ရွက်မှုနှင့် သမရိုးကျစနစ်တို့အပေါ် နှိုင်းယှဉ်လေ့လာသည့် သုတေသနလုပ်ငန်း စတင်ဆောင်ရွက်နေမှု အခြေအနေတို့ကို ဆွေးနွေကြသည်။


ယနေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနစိုက်ကွင်းတွင် ကျင်းပသည့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး စက်ကိရိယာအသုံးပြုခြင်း သရုပ်ပြပွဲသို့ တက်ရောက် လေ့လာခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)