Pages

Pages

ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်းဆောင်ရွက်



MNP - မေ  ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် ရပ်ကွက်အတွင်းရှိအသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြီးအစီးထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး(၆)လနှင့်အထက်၊ အသက်(၅၀)နှစ်ပြည့်သည့်ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာဈေးဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။ 


အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ်ရှိ ရပ်ကွက်(၂၂)ရပ်ကွက်တွင် သတ်မှတ်အုပ်စုများအလိုက်၊ ရဟန်း၊ သံဃာများနှင့်ပြည်သူများအား စည်းရုံးခေါ်ယူ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ကြကြောင်းသိရသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်စီဂျင် ပါဝင်မှုပမာဏတိုင်းတာပေးခြင်း၊ ရောဂါအခံရှိ၊ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပေးပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးကြသည်။


အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆေးထိုးနှံရန်လာကြသူများကိုအဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်။ အဆိုပါကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ပုံမှန်အနေအထားရှိသူများကိုသာ ဆေးထိုးပြီးမိနစ်(၃၀)အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment