Pages

Pages

ပေါင်မြို့နယ်တွင် လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ်ခြေ ၁၀၀ နီးပါး ထိခိုက်ပျက်စီး









MNP ၊ မေ ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မေ ၂၄ ရက် နေ့လည် ၁၁ နာရီခွဲခန့်က လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် ၁၀၀ နီးပါး ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အလှပ်ကျေးရွာအုပ်စု ကန်သာယာ၊ ရွာသစ်၊ အလှပ်နောက်ပိုင်းရှိ နေအိမ် (၉၂)လုံး နေအိမ်အမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည့်အပြင် ပေါင်မြို့ပေါ်ရပ်ကွက်ရှိ စာသင်ကျောင်းတစ်ကျောင်းမှ စတီးတံခါးနှင့် အမိုးလန်ပျက်စီးခဲ့ပြီး လူနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့နယ်စီမံကောင်စီဥက္ကဌ ဦးသိုက်ထွန်းက ပြောသည်။


" ဒီနေ့ နေ့လည်လောက်က လေဆင်နှာမောင်းဝင်သွားတာ၊ အလှပ်ကျေးရွာအုပ်စုဘက်မှာ နေအိမ်တွေ ထိခိုက်ပျက်စီးတာ ၉၀ လုံးကျော်လောက်ရှိတယ်။ အဲဒီမုန်းတိုင်းအရှိန်ကြောင့်ပဲ ပေါင်မြို့ပေါ် စာသင်ကျောင်းတစ်ကျောင်းနဲ့ နေအိမ်သုံးလုံးလည်း ပျက်စီးမှုရှိတယ်၊ အခုတော့ သက်ဆိုင်ရာဌာနတွေ ပြည်သူတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး ရှင်းလင်းပေးနေတယ်၊ အရေးပေါ်ကူညီထောက်ပံ့ပေးတာတွေလည်း ဆောင်ရွက်ပေးနေပါတယ်။" ဟု ၎င်းက ပြောသည်။


ထို့အပြင် မုန်တိုင်းအရှိန်ကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၏အဆောက်အဦးနှင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။


အဆိုပါလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ ပျက်စီးဆုံးရှုံးတန်းဖိုးအသေးစိတ်ကို တာဝန်ရှိသူများမှ တွက်ချက်လျက်ရှိကြောင်း သိရသည်။


လက်ရှိ ဘေးသင့်အိမ်ထောင်စုဝင်များအား နီးစပ်ရာဆွေးမျိုးများနေအိမ်တွင် ပြောင်းရွေ့နေထိုင်လျက်ရှိပြီး လိုအပ်သော ကူညီထောက်ပံ့မှုများအား တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အလားတူ ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့တွင် ပေါင်မြို့နယ်၌ မိုးသည်းထန်းစွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၃၀ ခန့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ချောင်းအတွင်း ငါးဖမ်းနေသော လူ ၅ ဦးလည်း ရေစီးနဲ့မျှောပါပျောက်ဆုံးခဲ့ကြောင်း သိရသည်။


သတင်း - မွန်မလေး

#MyanmarNationalPost

No comments:

Post a Comment