တိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်ခရိုင်အတွင်း စပါးအထွက်တိုးရေး မျိုးစပါးပေးအပ်ပွဲသို့ တက်ရောက်ပြီး မိုးစပါးစိုက်ပျိုးရန် ထွန်ယက်ပညာပေးခြင်းအား ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်ခရိုင်အတွင်း စပါးအထွက်တိုးရေး မျိုးစပါးပေးအပ်ပွဲသို့ တက်ရောက်ပြီး မိုးစပါးစိုက်ပျိုးရန် ထွန်ယက်ပညာပေးခြင်းအား ကြည့်ရှု









MNP ၊ မေ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း၊ ဒေသဝမ်းစာဖူလုံရေး၊ စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စပါးအထွက်တိုးတက်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် မြိတ်ကော်ပိုရေး ရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် OK ဆန်စက် တို့ပူးပေါင်း၍ အထွက်တိုးမျိုးစပါးပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၌ ကျင်းပရာတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ၍ တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစပါးများ ပေးအပ်ခဲ့သည်။


အထွက်တိုးမျိုးစပါးပေးအပ်ပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက  ဒေသဝမ်းစာဖူလုံရေးအတွက် စပါးထုတ်လုပ်မှုအနေနဲ့ လောလောဆယ် ဝမ်းစာဖူလုံမှုမရှိသေးကြောင်း၊ မြိတ်ခရိုင်အတွင်းမှာ (၃)နှစ် အတွင်း  ဆန်စပါးဖူလုံအောင် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စပါးတစ်ဧကအထွက်နှုန်း အနေဖြင့် မြိတ်ခရိုင်တွင် ယခင်နှစ်က (၇၀)ရာခိုင်နှုန်း ကျော်ပဲရှိကြောင်း၊ စပါးတစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီ၍ အထွက်နှုန်းကောင်းမွန်ပြီး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ပြောင်းလဲစိုက်ပျိုးရန်လိုအပ်ကြောင်း၊ စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဒေသဝမ်းစာဖူလုံရေးအတွက် တောင်သူ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့် သက်ဆိုင်ရာဌာနများ မှတက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။


ထို့နောက် တောင်သူများအား  စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က နည်းစနစ်များကို ရှင်းလင်းပြောကြားပြီး မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးဝင်းက အထွက်တိုးမျိုးစပါး ပေးအပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ မြိတ်ရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထွေးဝေက မျိုး ကောင်းမျိုးသန့် မျိုးစပါးများ ဖြန့်ချီဆောင်ရွက်ပေးနေမှုအား ရှင်းလင်းတင်ပြပြီး တောင်သူ ဦးထွန်းဝင်းက တောင်သူများ ကိုယ်စား စပါးစိုက်ပျိုးဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။


ယင်းနောက် အထွက်တိုးမျိုးစပါးများကို တောင်သူများအား ဝန်ကြီးချုပ်၊  ကမ်းရိုးတန်းဒေသ တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသများက ပေးအပ်ခဲ့ကြပြီး မြိတ်ရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ OK ဆန်စက်လုပ်ငန်း ရှင် ဦးထွေးဝေက ကျောက်ဖျာ ကျေးရွာအုပ်စုရှိ တောင်သူ(၅၃)ဦးအား လယ်(၃၅၈)ဧကအတွက် တစ်ဧကတစ်သိန်းခွဲကျပ်နှုန်းဖြင့် အတိုးမဲ့ထုတ်ချေးပေးသည့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ (၅၃၇) သိန်းကို တောင်သူများအား ပေးအပ်သည်။


ဆက်လက်၍ မိုးစပါးရာသီတွင် ထွန်စက်ဖြင့် လယ်မြေပြုပြင်ခြင်းနှင့် မြေခံဓာတ်မြေဩဇာထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲ၌ မြေပြုပြင်ခြင်းနည်းပညာဖြစ်သည့် ထွန်ရေးညက်ညက်ထယ်ရေးနက်နက် ဆောင်ရွက်၍ ဓာတ်မြေ ဩဇာကို အချိန်မှန် အချိုးကိုက် နှုန်းထားမှန်မှန်ကျွေးမှ စပါးပင် သန်စွမ်းပြီး စပါးအထွက်တိုးနိုင်ကြောင်းကို စန္ဒဝတ်ကျေးရွာတွင် တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ ပညာပေးဆောင်ရွက်နေမှုအား ဝန်ကြီးချုပ်နှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။


ထို့နောက် ကျောက်ဖျာကျေးရွာတွင် တစ်နေ့လျှင်တန်(၁၀၀)ကျ OK ဆန်စက်သို့ သွားရောက်၍ ဆန်စက်အတွင်းဒေသထွက်စပါးများ ဝယ်ယူစုပုံထားရှိမှု၊ အခြောက်ခံမှု၊ ကြိတ်ခွဲမှု၊ သန့်စင်မှု၊ စုပုံထိန်းသိမ်းထားရှိမှု၊ အမှုန်များစုပ်ယူ၍ စက်ရုံအတွင်း သန့်ရှင်းအောင်ဆောင်ရွက်ထားရှိမှု၊ စပါးခွံမှ လျှပ်စစ်ဓါတ်အားထုတ်လုပ် အသုံးပြုနေမှုတို့ကို  ဆန်စက်လုပ်ငန်းရှင်က ရှင်းလင်းပြော ကြားပြီး လိုက်လံပြသရာ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ လှည့်လည် ကြည့်ရှု အားပေးခဲ့ကြသည်။


ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ မြိတ်စီးပွားရေးဇုံစီမံကိန်းသို့ရောက်ရှိ၍ စီမံကိန်းရှင်းလင်းဆောင်တွင် ကုမ္ပဏီတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေတာသိရတဲ့အတွက်ဝမ်းသာပါကြောင်း၊ ဒေသတစ်ခုစီးပွားရေးဖွံ့ဖြိုးဖို့ဆိုတာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှသာလျှင် ဒေသဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ခိုင်ထူး (မြိတ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)