မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် တိုင်းဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် တိုင်းဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်




MNP - မေ  ၂၉


၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ကျောင်းအပ်နှံရေး သီတင်းပတ် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


 ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/သူများက “ကျောင်းသွားကြစို့”တေးသီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်ခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာ စကားပြောကြားရာတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အထိမ်းအမှတ်အခမ်းအနားကို ပညာရေး မြှင့်တင်မှုအစီအစဉ်အရ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၂ -၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အား ရည်မှန်းချက်(၃)ရပ်ဖြင့် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထား ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများအား ဇွန်လ(၂)ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းဖွင့်နေသည့်ကာလအတွင်း၌လည်း ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေမည်ဖြစ်ကာ မိဘများအနေဖြင့် မိမိတို့သားသမီးများအား ကျောင်းအပ်နိုင်သည်ကို အသိပေးပြောကြားလိုပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံ ပညာရေးအတွက် အခမဲ့ပညာရေးစနစ်နှင့်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်မူကို  ဖြစ်ထွန်းစေမည့် ပညာရေးစနစ်အသစ်၊ သင်ရိုးညွှန်းတမ်းအသစ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ကျောင်းအဆင့်များကိုတိုးမြှင့်ဖွင့်လှစ်ပေးခြင်းနှင့် ကျောင်းအဆောက်အဦအသစ်များ နှစ်စဉ်တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဆရာ/ဆရာမ လိုအပ်ချက်များအား ဖြည့်ဆည်း ခန့်ထားပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းရှင်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ အပြည့်အဝ ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် ကျောင်းသား/သူများ ရာနှုန်းပြည့် တက်ရောက်သင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လေးဦး က တိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ၊ ကျောင်းသား/သူများ ကျောင်းလာရောက်အပ်နှံမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ကျောင်းသား/သူလေးများမှ “ပညာတတ်ဖို့ ကျောင်းတက်စို့”တေးသရုပ်ဖော် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။  


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်မှ တိုင်းဒေသကြီးအတွင်းရှိ ပညာရေးလုပ်ငန်းများအတွက် အလှူငွေကျပ် (၁၀)သိန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ အားလည်းကောင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


ယင်းနောက် ကျောင်းသား/သူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ရာ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ တေးသီချင်းများဖြင့် ဖျော်ဖြေသီဆိုခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပညာရေးဆိုင်ရာအသိပညာပေးဘုတ်များ ပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)