Pages

Pages

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်





MNP - မေ   ၂၆


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် ၈ မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။


သာယာဝတီခရိုင်အတွင်းရှိ အခြေခံပညာကျောင်း(၁၄၃၆)ကျောင်း၌ KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိသည်။


သာယာဝတီခရိုင်တွင် အခြေခံပညာအထက်တန်းကျောင်း(၅၅)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၅၃)ကျောင်း၊ အလယ်တန်းကျောင်း(၈၅)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၅၉)ကျောင်း၊ မူလတန်းကျောင်း(၉၆၇)ကျောင်း၊ မူလတန်းကျောင်း(ခွဲ)(၃၆)ကျောင်း၊ မူလတန်း(လွန်)(၁၅၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၆)ကျောင်း စုစုပေါင်း(၁၄၃၆) ကျောင်းများ၌ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment