ကရင်ပြည်နယ်၏ မြို့တော်ဘားအံအား ခရီးသွားမြို့တော်အဖြစ်ဖော်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်၏ မြို့တော်ဘားအံအား ခရီးသွားမြို့တော်အဖြစ်ဖော်ဆောင်

 






MNP - မေ   ၂၁


ဒေသတွင်းခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ၊ ပရိဆီဟာနုပြည်နယ်တွင်ကျင်းပခဲ့သည့် အာဆီယံခရီးသွားဖိုရမ်(၂၀၂၂)၌ ကရင် ပြည်နယ်မှ အာဆီယံခရီးသွားလုပ်ငန်းဆု (၁၁) ဆုရရှိခဲ့ပြီး ခရီးစဉ်ဒေသသစ်များကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ကရင်ပြည်နယ်၏ မြို့တော်ဘားအံအား ခရီးသွားမြို့တော်အဖြစ်ဖော်ဆောင်လျက်ရှိပြီး မြို့တွင်းမြို့ပြင် သန့်ရှင်း သာယာလှပ၍ ခရီးသွားများအားဆွဲဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြားကိုဖြတ်၍ ဖောက်လုပ်ထားသော ဘားအံမြို့ရှောင်လမ်းပြီးစီးသွားပါကလည်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့်နေရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ဟိုတယ်များအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဧည့်စာရင်းတိုင်ကြားသည့်စနစ်ကို စမ်းသပ်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က   နဂိုမူလရှိပြီးသားခရီးစဉ်ဒေသ၊ ခရီးသွားလုပ်ငန်းများကို ဆက်လက်ထိန်းသိမ်းပြီး ခရီးစဉ်ဒေသသစ်များဖော်ထုတ်ကာ ခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း ပြောကြားပြီး ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံဦးသက်လင်းက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် (၅/၂၀၂၂)အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့်ကိစ္စရပ်များအား Power Point အသုံးပြုရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသောကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)