ပြည်မြို့နယ်တွင် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့နယ်တွင် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး



MNP - မေ   ၂၅


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲက  ပြည်မြို့နယ်အတွင်း တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က စတင်ထုတ်ချေးပေးလျက်ရှိပြီး ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်‌ ချေးငွေထုတ်ချေးပေးရန်  ဧက ၅၃၀၀၀ကျော် လျာထားကြောင်း သိရသည်။


အဆိုပါလျာထားဧကများအနက် ငါးရွာ‌ ကျေးရွာအုပ်စုမှ တောင်သူ ၁၈ ဦး၏ မိုးရာသီစိုက်ပျိုးသီးနှံ ၈၅ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၂၇ သိန်း ၅ သောင်းကို တောင်သူများလက်ဝယ်သို့ ယမန်နေ့မွန်းလွဲ ၂ နာရီက စတင်ထုတ်ချေးပေးခဲ့ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ်များ စတင်ထုတ်ချေး‌ပေးရာတွင် ယမန်နှစ်က ထုတ်ချေးပေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေများကို နိုင်ငံတော်သို့ အကျေအလည်ပြန်ဆပ်ပြီးသည့် တောင်သူများအား စနစ်တကျ စိစစ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။


တောင်သူများအနေဖြင့် ချေးငွေများထုတ်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)နှင့် ငွေစုစာအုပ်တို့နှင့်တကွ ကာယကံရှင်တောင်သူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သီးနှံပေါ်ချိန်တွင် ချေးငွေများအကျေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကာ ချေးငွေများပြန်လည်ပေးဆပ်ရန် ကာလအား ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား သတ်မှတ်ထားကြောင်းနှင့် ပြည်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၆၀ မှ တောင်သူ ၉၉၀၀ ကျော်ရှိသည့်အနက် ယမန်နှစ်ချေးငွေကျေသည့်‌ တောင်သူများကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်‌‌ချေးပေးသွားမည်ဖြစ်ကြောင်း ပြည်မြို့မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲမန်နေဂျာထံက သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)