Pages

Pages

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာ၊ ရိပ်သာများနှင့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့


MNP ၊ မေ ၂၃

၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာ၊ ရိပ်သာများနှင့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်နှင့် သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိ စေရေးတို့အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို တစ်ဦးလျှင် တစ်လကျပ်(၁)သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက် ရှိကြောင်း။


ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးသက်သာစေရေး လုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ ထောက်ပံ့ကူညီရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။


ကလေးသူငယ်အခွင့်အရေးများကို ကလေးများကိုယ်တိုင်သာမက ကလေးသူငယ်များအရေးကို ဖော်ဆောင် လျက်ရှိသည့် သက်ဆိုင်ရာအစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်ရွာ ပြည်သူလူထုများပါ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရေးနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်းဖြင့် သိရှိနားလည်မှု ရလာမည်ဖြစ်ကြောင်း။


ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ လူမှုရေး အဖွဲ့အစည်းများနှင့် သက်ဆိုင်ပါဝင်သူအားလုံးက ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်းပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်နှင့် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တို့က အမှာစကားများပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၃၁,၂၉၉) ဦး အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၉၃၈,၉၇၀,၀၀၀/)၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရ ပရဟိတဂေဟာ (၂) ခုနှင့် ဘိုးဘွားရိပ်သာ (၁၂) ခုအတွက် ထောက်ပံ့ငွေကျပ် (၅၀,၉၂၈,၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေကျပ် (၉၈၉,၈၉၈,၀၀၀/-) ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဘိုးဘွားများထံ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပြီး အခမ်းအနားကို ရုတ်သိမ်း လိုက်ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment