MNP - မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရန်၊ တောင်သူများ ဝင်ငွေတိုးတက်ပြီး မျိုးကောင်းမျိုးသန့်များ ရရှိစေရန်အတွက် မိုးနေကြာ မျိုးစေ့ထုတ်စံပြကွက်နှင့် မျိုးသန့်ပွားစံပြကွက် (၄၁)ဧက စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒီနှစ် တောင်သူတွေကို ဆောင်းရာသီမှာ နေကြာမျိုးကောင်း မျိုးသန့်ဖြန့်ဖြူးနိုင်ရန် မိုးနေကြာ ဆင်းရွှေကြာ-၂ မျိုးစေ့ထုတ် စံပြကွက် (၁၀) ဧက၊ ရေဆင်း-၁ မျိုးသန့်ပွားစံပြကွက် (၃၁) ဧက စိုက်ပျိုးလျက်ရှိပါတယ်။ ၂၀၂၁-၂၀၂၂ ခုနှစ်မှာ နေကြာ ဧက (၁၆၀၀) စိုက်ပျိုးခဲ့သော်လည်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ (၁၇၇၉)ဧက တိုးချဲ့စိုက်ပျိုးရန်လျာထားပါတယ် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။
အဆိုပါ နေကြာစိုက်ပျိုးမည့်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့များထောက်ပံ့ပေးခြင်း၊ အထွက်တိုးစနစ်များ ပညာပေးသင်တန်းဖွင့်လှစ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များ လက်တွေ့ပြသခြင်း ဆောင်ရွက်ကြောင်း၊ သီးညှပ်စိုက်ပျိုးရန် ကျေးရွာများအရောက် တောင်သူများနှင့်တွေ့ဆုံပြီး ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ နေကြာ (၁၇၇၉) ဧကစိုက်ပျိုးရန်လျာထားပြီး ဒေသနှင့်ကိုက်ညီသည့် ဆင်းရွှေကြာ-၂၊ ရေဆင်း-၁၊ ဒေသမျိုးများ စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သတင်း - မျိုးဝင်းညို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment