Pages

Pages

ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မြင့်မားရေး နည်းပညာ‌ပေးဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်

 


MNP - မေ   ၂၆


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် နည်းပညာပေး‌ ဆွေးနွေးပွဲများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်‌နေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်ဌာနဆိုင်ရာများက ဆူးပုတ်ကုန်းကျေးရွာသို့ ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊‌ နွေစပါးတိုးချဲ့စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အားထည့်ဆောင်ရွက်နိုင်ရေးနှင့်ဒေသနှင့်ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ဖို့ရေးတို့အတွက် ကဏ္ဍအလိုက် အသီးသီးဆွေးနွေးပြောကြားခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမင်းမင်းထွန်းက တောင်သူများအနေဖြင့် စပါးသီးနှံအပြင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းအပါအဝင် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးပါရန်နှင့် ဓာတ်မြေဩဇာအစား သဘာဝမြေဩဇာကို အစားထိုးသုံးစွဲကြပါရန်၊ အခြားဌာနများမှလည်း လယ်ယာမြေရေရရှိရေးနှင့် စိုက်ပျိုး‌ရေပေးဝေမှု အခြေအနေများ၊ တိုင်းရင်းကြက်မွေးမြူရေးနှင့် နေဗီယာမြက်စိုက်ပျိုးရေး၊ လယ်ယာ‌မြေအသုံးချမှုနှင့် လယ်ယာ‌မြေဥပဒေများအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအကြောင်းနှင့် အသိပညာ‌ပေးပြောကြားခဲ့သည်။


ထို့နောက်ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက်ကျေးလက်ဦးစီးဌာနမှ ဆပ်ပြာဆီ ပြုလုပ်သုံးစွဲနည်းကို လက်တွေ့သရုပ်ပြ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်‌မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့်လဝကဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ နည်းပညာပေး သင်တန်းဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment