တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၌ပြုလုပ်သည့် ကျောင်းအပ်နှံရေး အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၌ပြုလုပ်သည့် ကျောင်းအပ်နှံရေး အခမ်းအနားတက်ရောက်




MNP - မေ   ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာတန်ဆောင်ခန်းမ၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဆရာ ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားအစီအစဉ် ပထမပိုင်းအရ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ဝန်ကြီးချုပ်က “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။


ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအား ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားအား ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်က “နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန် လူသားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအပေါ် မူတည်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပညာရေးကဏ္ဍ မြင့်မားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ယခုပညာသင်နှစ်တွင် ကျောင်းသုံးပြဌာန်း စာအုပ်နှင့် စာရေးကရိယာများ  ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများအပြင် မူလတန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများအား အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် အခြေခံပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ စေတနာရှင်များအားလုံးက  ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း” အမှာစကားပြောကြားသည်။


ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် စာရေးကရိယာပစ္စည်းများအား လှူဒါန်းပေးအပ်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းဖြင့် ဂုဏ်ပြုနှုတ်ဆက်၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး  ကျောင်းအပ်နှံရေး လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှု အခြေအနေများနှင့် စာသင်ဆောင်များပြင်ဆင်ထားရှိမှု အခြေအနေများအား ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ကျောင်းသူများအား ကျောင်းအပ်လက်ခံမှုအခြေအနေများနှင့် စာသင်ဆောင်များ ပြင်ဆင်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)