Pages

Pages

ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်လမ်းပေါ်ရှိ တံတားအမှတ်(၂/၃၃) အားဖွင့်လှစ်





MNP - မေ   ၂၄


ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နှင့်ကော့ကရိတ်မြို့နယ်တို့ကို အဓိကဆက်သွယ်ပေးထားသော ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး)လမ်းပေါ်ရှိ တံတားအမှတ် (၂/၃၃) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက  နောင်ခွီးကျေးရွာရှိ အဆိုပါတံတား တည်နေရာ၌ ကျင်းပခဲ့သည်။


တံတားဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုလမ်းပေါ်တွင် အသစ်တည်ဆောက်ရန်ကျန်ရှိနေသေးသော ယာယီဘေလီတံတားများနှင့် ခံနိုင်ဝန်နည်းသော တံတား(၉)စင်း ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့်ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ စုစုပေါင်း ကျပ်သန်း(၃၇၇၀)ဖြင့် သံကူကွန်ကရစ်တံတားများအဖြစ် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ကျန်(၂)စင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဦးစားပေးအစီအစဉ်အလိုက် တည်ဆောက်ပေးသွားမည်ဖြစ်သည့်အတွက် တံတားများအားလုံးပြီးစီးပါက ကုန်+ယာဉ် (၆၀)တန်ထိ တင်ဆောင် ဖြတ်သန်းသွားလာနိုင်ပြီး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ မြန်ဆန်အဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း၊ လမ်း၊တံတားအခြေခံအဆောက်အဦများ အဆင့်မြင့်ကောင်းမွန်လာသည်နှင့်အမျှ တိုင်းရင်း သားပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများသည်လည်း အစစအရာရာ မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်လမ်းဦးစီးဌာနညွှန်ကြားရေးမှူးဦးအောင်ညိုက တံတားဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူး တင်စကားပြောကြားကာ ညွှန်ကြားရေးမှူးက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား တံတားဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား လက်ရောက်ပေးအပ်သည်။


ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး/ကရင် အမျိုးသားလွတ်မြောက် ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဥက္ကဋ္ဌစောထော့လေး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အမှတ်(၂)တပ်နယ်မှူး ဗိုလ်မှူးကြီး စောကြာအင်းတို့က တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါတံတားအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွေးနံ့သာရည်များပတ်ဖြန်းပေးကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်ရန်ပုံငွေကျပ်သန်း ၅၉၀ ဖြင့် တည်ဆောက်သော တံတားအရှည် ၁၂၀ ပေ၊ ယာဉ်သွားလမ်း အကျယ်(၂၉)ပေ၊ သံကူကွန်ကရစ် တံတားအမျိုးအစားအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆု များအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment