MNP ၊ မေလ ၂၁
၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်တွင် ကမ္ဘောဇဘဏ်မှ ဝန်ထမ်း ၃ ဦးလိုက်ပါလာသည့် ဘဏ်ငွေသိမ်းယာဉ်သည် ရန်ကုန်မြို့အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲ များမှ ငွေများအား လိုက်လံသိမ်းဆည်းခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၂)ရပ်ကွက်၊ ပင်လုံလမ်းနှင့် နဝဒေးလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)ရှေ့အရောက်တွင် ယာဉ်အား ရပ်တန့်ကာ မော်တော်ယာဉ်၏နောက်တံခါးအား ဖွင့်နေစဉ် နောက်မှ လိုက်ပါလာသည့် YGN 5H/4572 Probox ယာဉ်ပေါ်မှ အမျိုးသား ၃ ဦးဆင်းလာပြီး ဘဏ်ဝန်ထမ်း ၁ ဦးအား ဓားဖြင့် ခြိမ်းခြောက်ကာ ငွေသိမ်း ယာဉ်ပေါ်မှ ပီနံအိတ် ၄ လုံးဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း ၃၀၀၀ အား လုယက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ လုယက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းပြီး တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်သတင်းပေးမှုအပေါ် အခြေခံ၍ ပေါင်းစပ်ညှိနှိုင်းစုံစမ်းဖော်ထုတ်ခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် YGN 5H/4572 Probox အမျိုးအစား မော်တော်ယာဉ်အား စုံစမ်းရှာဖွေခဲ့ရာတွင် အခင်းဖြစ်စဉ်က အဆိုပါ မော်တော်ယာဉ်အား AYY CC-4512 နံပါတ်ပြားမှ YGN 5H/4572 နံပါတ်ပြားသို့ ပြောင်းလဲတပ်ဆင် အသုံးပြု၍ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အဆိုပါ AYY CC-4512 Probox ယာဉ်နှင့် ယာဉ်ပိုင်ရှင်ဖြစ်သူတို့အား ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့သည်။
ယာဉ်ပိုင်ရှင်ဖြစ်သူ၏ ထွက်ဆိုချက်အရ AYY CC-4512 Probox မော်တော်ယာဉ်အား ၎င်း၏သူငယ်ချင်းဖြစ်သူ ခရမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၃)လမ်း၊ အမှတ်(၂၁၁)နေ ဝေလင်းထွန်း (ခ)ကိုထွန်း(၃၀)နှစ် (ဘ)ဦးတင်အောင်အား မေလ ၁၃ ရက်နေ့က ငှားရမ်းခဲ့ကြောင်း သိရှိရသဖြင့် ဝေလင်းထွန်းအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မေလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ “The Lord” စားသောက်ဆိုင်အနီးတွင် ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိသူ ဝေလင်းထွန်း(ခ)ကိုထွန်းအား စစ်ဆေးဖော်ထုတ်ချက်အရ ကမ္ဘောဇဘဏ် ငွေသိမ်းယာဉ်ပေါ်မှ ငွေများအား သူငယ်ချင်းများနှင့်အတူ လုယက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆို ခဲ့ပြီး လုယက်မှုကျူးလွန်သည့်နေ့တွင် ၎င်း၏ သူငယ်ချင်းများဖြစ်ကြသည့် ဇင်ကိုကိုဦး(ခ)ဇင်ကို၊ ထွဋ်ခေါင်မင်း(ခ)ထက်လင်းကျော်၊ ဇွဲပြည့်စုံမှူး(ခ)ဇွဲကြီးတို့နှင့်အတူ ပါဝင်ကျူးလွန်ခဲ့ကြကြောင်း၊ လုယက်ရာမှ ရရှိလာသည့် ငွေများအား တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၀ စီခွဲဝေယူ ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဆက်လက်၍ ဝေလင်းထွန်း(ခ)ကိုထွန်း၏ ထွက်ဆိုချက်အရ လုယက်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ကောလင်းလမ်း၊ အမှတ်(၁၂၄၂)နေ ထွဋ်ခေါင်မင်း(ခ)ထက်လင်းကျော်(၂၃)နှစ် (ဘ)ဦးဝင်းနိုင်ကျော်အား သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာ လမ်းရှိ “ရတနာ”ဟိုတယ်၌ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့သည်။
ထွဋ်ခေါင်မင်း(ခ)ထက်လင်းကျော်၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၁) ရပ်ကွက်၊ ရတနာလမ်းရှိ “ရတနာ”ဟိုတယ်သို့ လုယက်မှုကျူးလွန်ရာတွင် ဦးဆောင်ပါဝင်သူ ဇင်ကိုကိုဦး (ခ)ဇင်ကိုလာရောက်မည်ဖြစ်ကြောင်း သိရှိရသဖြင့် သွားရောက်စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ အဆိုပါ “ရတနာ”ဟိုတယ်ရှေ့၌ ယင်းနေ့ ည ၆ နာရီ ၄၀ မိနစ်အချိနတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ခန့်(၃)လမ်း၊ အမှတ်(၃၃၅/က)နေ ဇင်ကိုကိုဦး(ခ)ဇင်ကို(၂၇)နှစ် (ဘ) ဦးဇော်ဦးနှင့် လုယက်မှုကျူးလွန်ရာမှရရှိသည့် သက်သေခံငွေများအား သိမ်းဆည်းပေးသူ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဗေဒါ(၂)လမ်း၊ အမှတ်(၇၅၈/ခ)နေ သိန်းဇော်ဦး(ခ) သားငယ်( ၂၄)နှစ် (ဘ)ဦးကြည်လှတို့ ၂ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့နောက် လုယက်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့ပြီး တိမ်းရှောင်လျက်ရှိသည့် လှည်းကူးမြို့၊ လှည်းကူးရိပ်သာရပ်ကွက်၊ တိုးချဲ့(၄)လမ်း၊ အမှတ်(မရှိ)နေ ဇွဲကြီး (ခ) ဇွဲပြည့်စုံမှူး(၂၇)နှစ် (ဘ) ဦးမောင်မောင်ကျော်အား ဖမ်းဆီးရမိနိုင်ရေး အပူတပြင်းလိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ ၎င်းအား မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်အထွေထွေရောဂါကုဆေးရုံကြီး အရှေ့ မေဓာဝီလမ်းနှင့် ခေမာသီလမ်းဆုံ၌ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့်ငွေများအနက်မှ ငွေကျပ် ၅၁၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူထားသည့် Redmi Note 11 ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ကမ္ဘောဇဘဏ်အား လုယက်မှုကျူးလွန်ပြီး ခွဲဝေရရှိခဲ့သည့် ငွေများအား ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ စိုက်ပျိုးရေး (၄)လမ်း၊ အမှတ်(၆၉၃)နေ ၎င်း၏သူငယ်ချင်း ဖြစ်သူ နှင်းဝေဝေဖူး(ခ)ဖူးဖူး (၂၇)နှစ် (ဘ) ဦးကိုကိုအောင်ထံအပ်နှံကာ ၎င်းတို့ ၂ ဦးအတူတူ သုံးစွဲကြောင်း သိရှိရသဖြင့် နှင်းဝေဝေဖူး၏ နေအိမ်အား ဆက်လက်သွားရောက်ရှာဖွေ ခဲ့ရာ ၎င်းအား ၎င်း၏နေအိမ် အတွင်းမှ ငွေကျပ် ၃၂၂ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ ဖမ်းဆီးရမိသူ တရားခံများ၏ထွက်ဆိုချက်များအရ လုယက်မှုကျူးလွန်ရာမှ ရရှိသည့် ငွေနှင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ဝေလင်းထွန်း (ခ)ကိုထွန်းမှ ၎င်းခွဲဝေရရှိထားသည့် ငွေကျပ်သိန်း ၇၀၀ အနက်မှ ငွေကျပ် ၅၄၈ သိန်းနှင့် လုယက်မှု ကျူးလွန်ရာမှရရှိသည့် ငွေကျပ် ၅၅ သိန်းဖြင့် ဝယ်ယူထားသည့် 82W-40613 Honda PCX ဆိုင်ကယ် ၁ စီးအား ၎င်း၏နေအိမ်မှ လည်းကောင်း၊ ဇင်ကိုကိုဦး(ခ)ဇင်ကိုနှင့် ထွဋ်ခေါင်မင်း(ခ) ထက်လင်းကျော်တို့ ၂ ဦးမှ သိန်းဇော်ဦး(ခ)သားငယ်ထံ အပ်နှံထားသည့် ငွေကျပ် ၃၄၀ သိန်းအား သိန်းဇော်ဦး(ခ)သားငယ်၏နေအိမ်မှလည်းကောင်း၊ ထွဋ်ခေါင်မင်း(ခ)ထက်လင်းကျော်၏ နေအိမ်မှ ငွေကျပ် ၄၇၀ သိန်းအားလည်းကောင်း၊ ဇင်ကိုကိုဦး(ခ)ဇင်ကို၏နေအိမ်မှ ငွေကျပ် ၅၃၀ သိန်းနှင့် လုယက်မှုကျူးလွန်ရာမှ ရရှိသည့် ငွေ ၁,၃၂၈,၀၀၀ ကျပ်ဖြင့် ဝယ်ယူထားသည့် Xiaomi 110 အမျိုး အစား အပြာရောင်လက်ကိုင်ဖုန်း ၁ လုံး၊ Vivo Y 35 အမျိုးအစား မိုးပြာရောင်လက်ကိုင်ဖုန်း ၁ လုံး နှင့် ငွေကျပ် ၄၆၀,၀၀၀ ဖြင့် ဝယ်ယူထားသည့် ရွှေဆွဲကြိုး ၁ ကုံးတို့အား အသီးသီးသိမ်းဆည်းရမိ ခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းတို့အနေဖြင့် လက်ရှိဖြစ်ပေါ် နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများနှင့် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများကြောင့် ပြည်သူလူထုများအကြား စိုးရိမ်ထိတ်လန့်မှုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏အလစ်အငိုက်အပေါ် အခွင့်ကောင်းယူကာ ငွေကြေးလိုအပ်ချက်အပေါ် အခြေခံပြီး ဒုစရိုက်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊
၎င်းတို့အနေဖြင့် မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၃၈)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ (၇/၈)လမ်းဆုံအနီးရှိ ကမ္ဘောဇဘဏ်ခွဲ(၃)အား လုယက်မှုကျူးလွန်ရန် ဇင်ကိုကိုဦး(ခ)ဇင်ကိုမှ ဦးဆောင်၍ ဘဏ်အနီးတွင် စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ လုယက်မှုကျူးလွန်ခဲ့သည့် မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ကမ္ဘောဇဘဏ်ခွဲ(၃)နှင့် ဘေးချင်းကပ်လျက် “Infinity Mart” ရှိ အအေးဆိုင်ရှေ့တွင် ယာဉ်အား ရပ်တန့်ကာ လုယက်မှုကျူးလွန်ရန် အခြေအနေအား စောင့်ကြည့်ခဲ့ကြကြောင်း၊
ဘဏ်ရှေ့တွင် လူများသဖြင့် ဘဏ်အတွင်းဝင်ရောက်ပြီး လုယက်မည့်အစီအစဉ်အား ဖျက်၍ ၎င်းဘဏ်အတွင်းမှ ငွေများထည့်ထားသည့် ဆာလာအိတ်များအား အပြာရောင်ငွေသိမ်း ယာဉ်အတွင်း တင်ဆောင်ပြီး မောင်းနှင်သွားသည်ကို တွေ့ရှိရသဖြင့် အဆိုပါငွေသိမ်းယာဉ်အား လုယက်ရန် ကြံစည်၍ နောက်ယောင်ခံလိုက်ခဲ့ကြကြောင်း၊ ၎င်းယာဉ်သည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၃၂)ရပ်ကွက်၊ ပင်လုံလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ(၁)ရှေ့တွင် ရပ်တန့်ကာ ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦးမှ ဘဏ်အတွင်းသို့ ဝင်သွားပြီး အခြားအမျိုးသား ၁ ဦးမှ ယာဉ်နောက်ခန်းတံခါးအား ဖွင့်၍ ဆာလာအိတ်ခွံများ ယူနေစဉ် ထွဋ်ခေါင်မင်း(ခ)ထက်လင်းကျော်မှ အဆိုပါအမျိုးသားအား ဓားဖြင့် ထောက်ကာခြိမ်းခြောက်ပြီး ဇင်ကိုကိုဦး(ခ)ဇင်ကို၊ ဝေလင်းထွန်း(ခ)ကိုထွန်း၊ ဇွဲပြည့်စုံမှူး (ခ)ဇွဲကြီးတို့ ၃ ဦးက ငွေသိမ်းယာဉ်ပေါ်မှ ငွေထုပ် ၄ ထုပ်အား ၎င်းတို့ကားပေါ်တင်ဆောင် လုယက်ကာ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ သိန်းဇော်ဦး (ခ) သားငယ်၏ နေအိမ်သို့ သယ်ဆောင် ခဲ့ပြီး ခွဲဝေယူဆောင်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် လုယက်မှုကျူးလွန်သူ တရားခံအမျိုးသား ၅ ဦးနှင့် ပူးပေါင်းပါဝင်သူ အမျိုးသမီး တစ်ဦးတို့အား သက်သေခံပစ္စည်းများဖြစ်သည့် ငွေကျပ် ၂၂၁၀ သိန်းနှင့် လုယက်မှု ကျူးလွန်စဉ် အသုံးပြုခဲ့သည့် AYY CC-4512 Probox ယာဉ် ၁ စီး၊ လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် 82W-40613 Honda PCX ဆိုင်ကယ် ၁ စီး၊ ရွှေဆွဲကြိုး ၁ ကုံး၊ Xiaomi အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ Vivo အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးနှင့် Redmi Note 11 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘဏ်ဓားပြတိုက်လုယက်မှု ဖြစ်စဉ်ပေါင်း (၁၁)မှုဖြစ်ပွားခဲ့ပြီး အမှုပေါင်း( ၉ )မှုအား ဖော်ထုတ်နိုင်ခဲ့ကာ အမှုများမှ တရားခံ အမျိုးသား (၄၉) ဦး၊ အမျိုးသမီး (၈) ဦး၊ စုစုပေါင်း(၅၇)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကာ ဖော်ထုတ်ရရှိခဲ့သည့် အမှုများမှ ပြန်လည်သိမ်းဆည်းရရှိခဲ့သည့် ငွေနှင့် သက်သေခံပစ္စည်းများ၏ တန်ဖိုးငွေစုစုပေါင်း (၉၈၀,၄၄၀,၀၀၀)ကျပ်အား ပြန်လည်သိမ်းဆည်းရမိ ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment