မော်စကို/ကိဗ်၊ မေ ၁၈
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံမှ တာဝန်ရှိသူများက လက်ရှိပဋိပက္ခကို အဖြေရှာရန် ဆွေးနွေးညှိနှိုင်းမှုများမှာ ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေတွင်ရှိနေသဖြင့် ဆိုင်းငံ့ထားကြောင်း မေ ၁၇ ရက်က ပြောကြားခဲ့သည်။“ဆွေးနွေးပွဲတွေက ရှေ့မဆက်ဖြစ်ပါဘူး။ ယူကရိန်းက ညှိနှိုင်းဆွေးနွေးမှုလုပ်ငန်းစဉ်ကနေ အမှန်တကယ် နုတ်ထွက်သွားခဲ့ပါပြီ” ဟု ရရှားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrei Rudenko က သတင်းထောက်များအား ပြောကြားခဲ့သည်။
ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံဘက်က သဘောတူညီချက်မူကြမ်းအပေါ် တုံ့ပြန်မှုမရရှိသေးကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
“ဒီနေ့ ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားပါတယ်။ အစ္စတန်ဘူလ် သဘောတူညီချက်ပြီးနောက် သိသာတဲ့အပြောင်းအလဲမရှိမှု ဒါမှမဟုတ် ကသောင်းကနင်းဖြစ်မှုတွေကြောင့် ဆွေးနွေးပွဲကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်” ဟု ယူကရိန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင် Mykhailo Podolyak ၏ ပြောကြားချက်အား ကိုးကား၍ Interfax-Ukraine သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
သို့သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြန်လည်စတင်နိုင်မည်ဟု ယုံကြည်ပြီး “စစ်ပွဲတိုင်းဟာ ဆွေးနွေးပွဲစားပွဲဝိုင်းမှာပဲ အဆုံးသတ်ရပါတယ်” ဟုအလေးထားပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံမှ ဆွေးနွေးညှိနှိုင်းသူများသည် နောက်ဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးပွဲကို မတ် ၂၉ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Ref : (ဆင်ဟွာ)
https://t.me/MyanmarNationalPost
No comments:
Post a Comment